ပုံ(၁)သည် ဂျိန်းဘုရား-မဟာဝီရဖြစ်သည်။
ပုံ(၂)သည် ဒိဂမ္ဗရဂိုဏ်းတွင် အကြီးကျယ်ဆုံးဆရာတော် အာစရိယ ၀ိဒယာသာဂရဖြစ်သည်။
ပုံ(၃)သည် ငယ်ငယ်ရွယ်ရွယ်နှင့်ထင်းရှားသော ကျမ်းပေါင်းများစွာကိုပြုစုတော်မူသော အာစရိယ ၀ိမလသာဂရ ဖြစ်သည်။
(ဂျိန်းဆရာတော်အများစုသည် [၂၃]ဆူမြောက် ဂျိန်းဘုရား ပါ(ရ်)ရွှနာထ် မွေးဖွားရာ ဘေလုပူ(ရ်)၌ နေကြသည်)
ဂျိန်းအနမ်း
(၁)
`အဟိံသာ ပရမော ဓမ္မော´ [မည်သူ့ကိုမျှ ဒုက္ခမပေးမိအောင် အထူးသတိထားရမည်။]
`ဆဗ်ဗဆေ ဥတ္တမ် အာဟာရ ရှာကာဟာရ-ဂျိုက်ဆား ခါဝေး အန်း(န်),၀ိုက်ဆား ဟိုဝေး မန်း´
[အသားးမပါတဲ့ထမင်းဝိုင်းသည် အမြတ်ဆုံး၊စားလိုက်တဲ့အစာအတိုင်း စိတ်ဖြစ်တတ်တယ်]
(အစာကြမ်းရင် စိတ်ကြမ်းမယ်-ဟူလို)
`ဂျီယိုး အော်(ရ်) ဂျီနေ ဒိုး´[အောင်နိုင်သူဖြစ်ကြလော့,အောင်နိုင်စေသူလည်းဖြစ်ကြလော့]
ကိုနော အော်ဖတ်လိုက်သည်။ဘုရားကျောင်းစောင့်သောကောင်လေး လှမ်းကြည့်နေသည်။ [၁၁]ဆူမြောက် ဂျိန်းဘုရား-ရှရေယမ်း(စ်)နာထ်မွေးဖွားရာမြေ ဒိဂမ္ဗရဂျိန်းဘုရားကျောင်းတွင်ဖြစ်သည်။အုတ်နံရံများရှိ ဆိုင်း ဘုတ်များကို မရှက်မကြောက်အော်ဖတ်နေခြင်းဖြစ်သည်။ ထိုဘုရားကျောင်းသည် ရှင်တော်ဗုဒ္ဓ အနတ္တ လက္ခဏသုတ်ဟောတော်မူရာအထိမ်းအမှတ်ဖြစ်သော ဓမ္မေခစေတီနှင့်ကပ်လျက် တစ်ဝိုင်းတည်း တွင်တည် ရှိသည်။ဓမ္မေခစေတီမှလွဲ၍ဗုဒ္ဓဘာသာသင်္ကေတအားလုံးမြေကြီးထဲရောက်နေချိန်တွင်ထိုဘုရားကျောင်းသည် မားမားမတ်မတ်ပင်တည်ရှိနေခဲ့သည်။ဓမ္မရာဇိကစေတီဝိုင်းကြီးကိုတူးဖေါ်စဉ်ကမှတ်တမ်းဓာတ်ပုံများကိုကြည့် ပြီး ကိုနောတို့ မျက်ရည်ကျခဲ့ရဖူးပြီ။(ရွှတ်...ရွှတ်...ရွှတ်...ဟတ်ချိုး)
ဆာရနာထ်ပြတိုက်၌ပြထားသောထိုဓာတ်ပုံများ အခု..မတွေ့ရတော့ချေ။မြင်တွေ့စေချင်လိုက်စမ်းပါဘိ...။
`ကိုပိန်ရေ..ငါတို့ ကံဆိုးပြန်ပြီထင်တယ်...အရိပ်အယောင်မတွေ့ရဘူး..´
`မေးကြည့်စမ်းပါဦးလေ´
ဤဂျိန်းကျောင်းသို့ကိုနောတို့မကြာမကြာရောက်ဖြစ်ကြသည်။ဂျိန်းဘုန်းကြီးတစ်ပါးပါးကိုတွေ့ဆုံစကားပြောလို ခြင်း,ဘုရားကျောင်းစောင့်ပူဂျာရီ၏နှစ်လိုဖွယ်ကောင်းခြင်း,ဘုရားဖူးလာသူများ၏မျက်နှာထားများကြည်သာရွှင် ပြခြင်း,ဓမ္မေခစေတီကို မြင်ကွင်းတစ်မျိုးဖြင့် ဖူးတွေ့ရခြင်းတို့ကြောင့်ဖြစ်သည်။
ထိုနေ့က ဗာရာဏသီသားများ နေ့လည်နှစ်နာရီအထိ နေကိုမမြင်ကြရသေးချေ။
`နမတ်စ်တေး ပူဂျာရီ´(မင်္ဂလာပါ ပူဂျာရီ)
`နမတ်စ်ကာ(ရ်) ဘန္တေဂျီ´(မင်္ဂလာပါ ဘန္တေဂျီ)
`အပ္ပကား ဂုရုဂျီ ဟဲ..?(မင်းတို့ဆရာတော် ရှိလား) `နဟီး´(မရှိဘူး)
`ဘယ်တော့ လာမလဲ..?
`အခု အရမ်းအေးနေသေးတယ်...အအေးနည်းနည်းပေါ့ရင် လာလိမ့်မယ်´
`ဟာကွာ...ငါတို့တောင် လာနိုင်သေးတာပဲ....´
`ခင်ဗျားတို့က အ၀တ်တွေဝတ်ထားတယ်...ငါတို့ဂုရုဂျီက ဘာမှဝတ်မထားဘူးလေ..´
`အင်း´
ပူဂျရီအား ငွေတစ်ဆယ်လှူကာ ကိုနောတို့ဘုရားကျောင်းထဲဝင်ပြီးလှည့်ပတ်ကြည့်ရှုကြသည်။ဘုရားကျောင်း တစ်ခုလုံး တုံးလုံးကိုယ်တော်များဖြင့်ပြည့်နေသည်။မြင်ကွင်းကား ရှင်းလင်းပြတ်သားလှပါပေစွ..။
ဘုရားကျောင်းစာအုပ်ဆိုင်တွင်`ဂျိုင်း ဓရမ် ကယား ကဟတား ဟဲ?(ဂျိန်းဘာသာက ဘာတွေသွန်သင်ထား သလဲ?)စာအုပ်လေးတစ်အုပ် အားပေးရန်လည်း မမေ့ခဲ့ပေ။ ထိုဆိုင်၌ ဘာသာပေါင်းစုံ စာအုပ်များကို တင် ရောင်းနေခြင်းမှာ နှစ်လိုဖွယ်ကောင်းလှသည်။
အ၀တ်ရှိခြင်း,မရှိခြင်းကိစ္စကို ပြောဆိုကြံဆကြရင်း နှင်းတောတိုးကာ ကိုနောတို့ ပြန်လှည့်ခဲ့ကြလေသည်။
(၂)
ဆယ်ရက်ခန့်လွန်မြောက်ပြီးအအေးပေါ့သွားပြီဖြစ်သောယနေ့၌ကိုနောတို့ရောက်သွားပြန်သည်။ကံထူးရင်ဖူးရ ပေမပေါ့လေ...။
`ဘန္တေဂျီ အာအိယေး´(လာကြ လာကြ)
`မင်းတို့ ဂုရုဂျီ ရောက်ပြီလား`?
`ပြန်သွားပြီ...မနေ့ကပဲ´
`ဟုတ်လား´[ကံများဆိုးလိုက်တာနော်..အဟင့်..အဟင့်]
`သုံးရက်တောင် နေသွားတယ် ဒီမှာ´
`ဟုတ်လား´ဆိုပြီး ကိုနောတို့ ပူဂျာရီဘေးတွင် ၀င်ထိုင်လိုက်ကြသည်။ပူဂျာရီကား ကိုနောတို့ကိုအားနာနေ ပုံရသည်။
`ငါ့ကို စာအုပ်တောင် ပေးသွားသေးတယ်´ဆိုပြီး ထုတ်ပြသည်။ကောင်းနိုးရာရာရွေး ဖတ်ပြနေသေးသည်။
အခု ကြွလာသောဂုရုဂျီ အာစရိယ ၀ိမလသာဂရရေးသောစာအုပ်ဖြစ်သည်။၁၉၇၆-ခု မွေးသူဆိုတော့ ကိုယ့် အောက်တောင်ငယ်နေသေးသည်။ခန့်ငြားသပ်ရပ်လှသည်။ပူဂျာရီကားဂျိုင်းဘာသာ၏အနန္တ၀ါဒ,အနေကန္တ၀ါ ဒအကြောင်းများကိုတသီတတန်းကြီးရှင်းပြနေရှာသည်။ကိုနောကသိကြောင်းလက်ကာပြမှရပ်သွားသည်။ကိုနော တို့လည်းအစဉ်အလာအတိုင်းပူဂျာရီအားငွေတစ်ဆယ်လှူကာ,ဘုရားကျောင်းထဲဝင်ကြည့်ပြီးစာအုပ်ဆိုင်ဘက် လှည့်လာခဲ့သည်။ဂျိုင်းဘာသာ၏အဓိကကျမ်းဖြစ်သော(ဓမ္မပဒကဲ့သို့သော)`သမဏသုတ္တံ´ကိုဝယ်လိုက်သည်။ ကဲ...မတွေ့တော့လည်းပြန်ကြရုံပ...။
ဂျိန်းကျောင်းဝိုင်းမှအထွက်...တစ်လျှောက်လုံးငြိမ်ချက်သားကောင်းနေသောကိုပိန်၏မှတ်ချက်စကားကြောင့် ကိုနောချော်လဲတော့မလိုဖြစ်သွားသည်။(သို့မဟုတ်)ခြေချော်သွားသည်ဟုကိုပိန်ကထင်လိုက်သည်။
`တစ်ချို့က အ၀တ်ချွတ်ရဲရုံနဲ့ဘုန်းကြီးဖြစ်နေတဲ့ပုံပါဗျာ....´တဲ့။
`ငါတို့ကကော အိမ်ထောင်မပြုပဲနေရုံနဲ့ဘုန်းကြီးဖြစ်နေကြရောလား??´ကိုပိန် ကို ပြန်မမေးမိပေ။
ကိုနော
၁.၂.၂၀၁၀
0 comment(s) to... “ဂျိန်းအနမ်း”
0 comments:
Post a Comment