၂၇.၃.၂၀၁၀နေ့…..
လုပ်နေကြအတိုင်း ကော်ဖီခွက်နှင့်သတင်းစာကောက်ကိုင်လိုက်သည်။
သတင်းစာသမားဘာစိတ်ကူးပေါက်သည်မသိ။INEXTပို့ထားခဲ့သည်။နေ့တိုင်းCOMPACTပို့နေကျဖြစ်သည်။
လက်လွယ်ရာပစ်ထားခဲ့သည်ထင်ပါ့၊ဈေးကလည်း တစ်ကျပ်ခွဲချင်းတူနေသည်ကိုး…။ကိစ္စမရှိ၊သတင်းများများ
ပါဖို့ အရေးကြီးသည်။
`ယနေ့ ၂၇ရက်…..ဆန်ဆကရစ်တက္ကသိုလ်၌ (၂၈)ကြိမ်မြောက်ဘွဲ့နှင်းသဘင်ကျင်းပမည်။သဘာပတိ
အဖြစ် ပြည်နယ်ဂါဗနာ ဘီအယ်လ်ဂျိုရှီက ဆောင်ရွက်မည်ဖြစ်ပြီး အထူးဧည့်သည်တော် တရားရုံးချုပ်ရှေ့နေ
ဒလ၀ီရဘဏ္ဍာရီက ထူးချွန်ကျောင်းသား(၅၄)ယောက်ကို ရွှေတံဆိပ်ချီးမြှင့်မည်ဖြစ်သည်။ (၁၁း၃၀)တွင်
အခမ်းအနားစတင်မည်ဖြစ်သည်။´တဲ့...။
PhDသမားများတောင်မှ အခမ်းအနားတက်ရုံသက်သက်ပါလား…ဘွဲ့ဝတ်စုံနဲ့ဘွဲ့လက်မှတ်ကိုကြိုထုတ်ပေး
ပြီးသားဆိုတော့။ကိုနောတို့ M.A သမားတွေ ဘာသွားလုပ်မှာလဲ၊အပူချိန်(၄၂)ရှိတဲ့အချိန်ကြီးကွာ၊ဘွဲ့နှင်း
သဘင်ကလည်း..၊ပြီးတော့ အခမ်းအနားကလည်း ကွင်းပြင်ကြီးထဲထိုးထားတဲ့မဏ္ဍပ်ကြီးထဲမှာ…၊
ဘာပဲဖြစ်ဖြစ်လေ…ကိုယ့်တက္ကသိုလ်မှာ ကျင်းပတာဆိုတော့လည်း သွားကြည့်သင့်တာပေါ့လေ…။
သွားမယ်ကွာ….ပူရုံနဲ့တော့မသေလောက်ပါဘူး…။
ချပ်ဝတ်တန်ဆာကိုသေချာစွာဆင်မြန်းလိုက်သည်။ရေဗူးအပါအ၀င်ဖြစ်သောလွယ်အိတ်ကိုလွယ်လိုက်သည်။
သင်းပိုင်အဟောင်းလေးကို ခေါင်းပေါင်းသဖွယ်ပြုလိုက်သည်။ထီးကိုင်လိုက်သည်။
ကားငှားသည်။ချီတက်သည်။
အတော်ပူသကွာ…။
အခမ်းအနား စတင်နေလေပြီ….။
အခမ်းအနားအစီအစဉ်ကို သက္ကတဘာသာဖြင့် ဖတ်ကြားကြေငြာနေသည်။ကိုနောတို့ ဟိုနားမတ်တတ်
ဒီနားမတ်တတ် လှည့်ပတ်ကြည့်သည်။၂၀၀၆တုန်းလောက် မစည်းကားချေ။ထိုစဉ်က ကျောင်းသားသမဂ္ဂ
လည်းရှိသည်။ကိုနောတို့ မျက်စိငယ်နေသေးလို့လည်းဖြစ်နိုင်သည်။ တစ်နေရာဝင်ထိုင်လိုက်သည်။
ရသမျှစပ်စုသည်။အမျိုးသမီးများဘက်ခြမ်းတွင်လူစီရှိနေသည်။အရှေ့ဆုံးတန်းတွင်ဖြစ်သည်။ဓာတ်ပုံရိုက်ဖို့
စိတ်ကူးရသော်လည်း ပရိတ်သတ်အကြားတွင် အခက်အခဲရှိနေသည်။ခပ်လှမ်းလှမ်းတွင်တိဗက်ကျောင်းသား
အရှည်ကြီးကိုတွေ့သဖြင့် နှုတ်ဆက်လိုက်သည်။
`ချိုဆဖေဂျီ မတွေ့တာ ကြာပြီနော်…၊´
`မတွေ့ဆို ဒေလီမှာ အလုပ်လုပ်နေတယ်´
`တယ်ဟုတ်ပါလား…ဘာအလုပ်လဲ´
`RFAမှာ အသံလွှင့်နေတယ်´
`ကောင်းတယ်ဟ´
`မင်းတို့ မြန်မာ့အသံလည်းရှိတယ်…တရုတ်လည်းရှိတယ်…´
`ဟုတ်တယ်..နားထောင်ဖူးတယ်…မင်းတို့တိဗက်ဆန္ဒပြပွဲလေး ဘာလေးမရှိတော့ဘူးလား´
`ရှိရင် ခေါ်မယ်နော်´
`အချိန်မရွေး…နောက်မှတွေ့မယ်´
`ကိုပိန် အခုတက်လာတာ ဓမ္မပိယမဟုတ်ဘူးလား´
`ဟုတ်ပဗျာ…သာဝတ္ထိကုလားဘုန်းကြီးအစစ်ပါ´
`သူကရွှေတံဆိပ်ရတယ်ဟုတ်လား…ကောင်းပါတယ်လေ..ဟိုတလောကဆာရနာတ်မှာတွေ့တော့ရွှေတံဆိပ် ရကြောင်းမပြောပါလား….ယူပီပြည်နယ်ဗုဒ္ဓဘာသာအဖွဲ့မှာအဖွဲ့ဝင်ဖြစ်နေကြောင်းနဲ့လက္ခနောင်းတက္ကသိုလ် မှာ PhDလုပ်မယ်ဆိုတဲ့အကြောင်းပဲပြောတယ်´
`ကိုနောကို ဘယ်ပြောရဲမလဲလေ..သူက ကိုနောဆီမှာ စာအမြဲတန်းမေးနေရတာမဟုတ်လား´
`အင်း…ဆိုင်တော့ မဆိုင်ဘူးဟ…အစဉ်အလာအရကတော့ အိန္ဒိယနိုင်ငံသားတွေကိုပဲ ပေးတာများပါတယ်
…...သိပ်ပူတယ်ကွာ….စာအုပ်ပြပွဲသွားကြစို့ဦး´

လူစီ ကား ဆာရီအဖြူကို ကုလားမများကဲ့သို့အကျအန၀တ်ဆင်ထားပြီး အာရုံစိုက်ကောင်းနေတုန်းဖြစ်သည်။
စာအုပ်ပြခန်းထဲရောက်တော့ ကိုနော အတော်ရှိန်သွားသည်။ဆန်ဆကရစ်တက္ကသိုလ်မှ ထုတ်ဝေသော စာ
အုပ်များကို ပြသထားပြီး လျှော့ဈေးဖြင့်ရောင်းချနေခြင်းဖြစ်သည်။စေ့စေ့စပ်စပ် လိုက်ကြည့်မိသည်။
ကိုနော ရှင်းရှိန် ရှိန်သွားသည်။စာပေတာဝန်ကျေပွန်လှသောတက္ကသိုလ်ကြီးပါတကား။ရှားပါးစာအုပ်များစုံ
လင်လှသည်။မြန်မာပြည်ဖြစ် ပါဠိစာအုပ်များကိုလည်းတွေ့ရသည်။သဒ္ဒါကျမ်းက အများစုဖြစ်သည်။မြန်မာ
ဖြစ်ခြင်းကြောင့် ဂုဏ်ယူနေမိသည်။ထိုင်းနိုင်ငံဖြစ်နာမည်ကျော် ဇိနကာလမာလိနီကျမ်းကို ၀ယ်ယူဖြစ်လိုက်
သည်။ ၀ံသအနွယ်ဝင်ကျမ်းမြတ်တစ်ဆူတည်း။

စာအုပ်ပြခန်းမှ ထွက်လာခဲ့ကြသည်။အခမ်းအနားပြီး၍ တစ်သုတ်ပြီးတစ်သုတ် ထွက်လာနေကြချေပြီ။
အပူရှိန်အပြင်းဆုံးအချိန်ဖြစ်သည်။
အပူရှိန်အပြင်းဆုံးအချိန်ဖြစ်သည်။
`ကိုပိန် ရေ…ပြန်တော့မယ်ကွာ´
`ဓာတ်ပုံလေး ဘာလေး မရိုက်တော့ဘူးလား´
`တော်ပြီကွာ…ဒေါက်တာဘွဲ့ကျမှ အားရပါးရ ရိုက်တော့မယ်´
ရေတစ်ချိုင့်မော့လိုက်သည်။
သင်းပိုင်အဟောင်းလေးကို ခေါင်းပေါင်းသဖွယ်ပြုလိုက်သည်။
ထီးဖွင့်လိုက်သည်။
နေပူထဲစလျှောက်သည်။အငှားကားများတက္ကသိုလ်ထဲ ၀င်ခွင့်မရှိပေ။
ဟော…ဟိုမှာ လူစီ..။ပိုဝနေပါလား..။
`နမတ်စတေး´(လူစီ လက်အုပ်ကလေးချီသည်)
`ဟိန္ဒီ အာတီး ဟို´(ဟိန္ဒီစကားတတ်သလား)[တတ်မှန်းသိ၍မေးခြင်းဖြစ်သည်]
`အားတီး ဟဲ´(တတ်ပါတယ်)
နေပူထဲတွင် ပြောနေကြရသဖြင့် ကိုနောက ထီးကို မသိမသာမိုးပေးထားလိုက်သည်။
`အခု ဘယ်မှာ နေတာလဲ´
`ဂံဂါနားက ဘုရားကျောင်းတစ်ကျောင်းမှာပါ´
`လွန်ခဲ့တဲ့ (၃)လလောက်က သတင်းစာမှာ လူစီအကြောင်းဖတ်ရတယ်´
`ဟုတ်ပါတယ်´
အပူရှိန်အတော်ပြင်းသည်။စကားအများကြီး မပြောနိုင်ပေ။
`နောက်မှ တွေ့ကြဦးမယ်လေ´
`ဟုတ်ကဲ့ပါ´
ဓာတ်ပုံရိုက်ဖို့မေ့သွားသည်။ကိုနော ချွေးပြန်နေချေပြီ။အေးလေ….ပူလည်း ပြန်ရမှာပဲ…။
ကားစောင့်နေသည်။လမ်းလျှောက်ပြန်သွားသောလူစီကို လှမ်းကြည့်လိုက်သည်။
`ဟိုက်….လူစီမှာ ဖိနပ်လည်း မပါပါလား´
လူစီကား အေးဆေးပင် ဆက်လျှောက်သွားလေသည်။
အဘယ်ရှိန်နည်းဖြင့် ရှိန်ရမှန်း မသိတော့သည်သာတမုံ့...။
မှတ်ချက်။
ရှင်းရှိန်ဟူသည် ရှင်းရှင်းလင်းလင်း ရှိန်သွားခြင်းဖြစ်သည်။ဤအသုံးအနှုံးကို မည်သည့်အဘိဓာန်တွင်မျှမရှာ
ဖွေခြင်းက ပို၍သင့်လျှော်ဖွယ်ရှိပါကြောင်း။

ကိုနော
၂၇.၃.၂၀၁၀
0 comment(s) to... “ရှင်းရှိန်ကိုနောနှင့် အေးဆေး လူစီ”
0 comments:
Post a Comment