အသစ်သည်အဟောင်းကိုစိန်ခေါ်လျက်ရှိသည်။ဤနိယာမကိုမြင်သိမှသာယနေ့ပညာခေတ်၏မိတ်ဆွေဖြစ်
နိုင်သည်။မြန်မာလူထုသည်အဟောင်းကိုခုံမင်တတ်ကြသူများဖြစ်သည်။ရှေးကျလေ,သဘောကျလေဖြစ်
သည်။ကောင်းခြင်း,မကောင်းခြင်းသည်ဟောင်းခြင်း,မဟောင်းခြင်းနှင့်သက်ဆိုင်မှုရှိ,မရှိစဉ်းစားသင့်ကြ
ပေသည်။
ပရိယတ္တိပညာရေးနယ်ပယ်တွင်ပုဂံခေတ်သည်ဂုဏ်ယူစရာဖြစ်သည်။အင်းဝခေတ်ကားအားကျစရာဖြစ်သည်။
ကုန်းဘောင်ခေတ်သည်အတုယူဖွယ်ရာဖြစ်သည်။ကိုလိုနီခေတ်သည်စက်ဆုပ်ဖွယ်ရာဖြစ်ခဲ့ပြီးလွတ်လပ်ပြီးစ
ခေတ်သည်ယောင်တောင်တောင်ဖြစ်ခဲ့သည်။မည်သို့ပင်ဖြစ်စေ..ခေတ်အားလုံးသည်အဟောင်းဖြစ်ခဲ့လေပြီ။
ယခုလက်ရှိခေတ်ကားရင်နင့်ဖွယ်ရာဖြစ်နေပေသည်။ပရိယတ္တိပညာရေးသည်အဟောင်းပင်လယ်ထဲတွင်
အိပ်ပျော်ဆဲဖြစ်သည်။ပညာခေတ်ကြီးအတွင်းအရွယ်ရောက်နေကြသူများကိုယ့်ဒိုင်ယာရီကိုယ်ပြန်ဖတ်ကြည့်
ကြဖို့လိုပေလိမ့်မည်။သာသနာ့တာဝန်ကိုပခုံးပြောင်းယူကြတော့မည့်အသက်သုံးဆယ်မှငါးဆယ်ဝန်းကျင်ရှိ
အရွယ်ကောင်းရဟန်းတော်များသည်(၁၉၈၀)ပြည့်နှစ်ပရိယတ္တိပညာရေးစီမံကိန်းကြီး၏သားကောင်များဖြစ်ခဲ့
ကြသည်။ထိုစီမံကိန်းကြီးအောင်မြင်မှုရှိ,မရှိကိုဖြတ်သန်းခဲ့ကြရသောမိမိတို့ကိုယ်တိုင်သိရှိကြပေလိမ့်မည်။
(၁) အကျင့်သိက္ခာမြင့်မားစေခြင်း,
(၂) ပိဋကတ်ကျမ်းဂန်နှံ့စပ်စေခြင်း,
(၃) ပါဠိဘာသာတတ်မြောက်ကျွမ်းကျင်စေခြင်း,
(၄) မြန်မာစာပေအရေးအသားတော်စေခြင်း-ဟူသောမူ(၄)ရပ်ကို
ကိုင်စွဲ၍(၁၉၈၀)ပြည့်နှစ်တွင်နိုင်ငံတော်ပရိယတ္တိစာမေးပွဲကိုအကောင်အထည်ဖေါ်ခဲ့ကြသည်။
၎င်းမူ(၄)ရပ်၏ဘောင်အတွင်းမသက်ရောက်သဖြင့်အင်္ဂလိပ်စာ,သင်္ချာ,သိပ္ပံ,ပထ၀ီစသည်သင်ကြားခြင်းများကို ချန်လှပ်ခဲ့ကြသည်။(လေ့လာသုံးသပ်ကြရန်ဖြစ်သည်။)
(၈၀)ပြည့်နှစ်စီမံကိန်းမှစာသင်တိုက်နှင့်ပရိယတ္တိတက္ကသိုလ်ဟုနှစ်မျိုးခွဲခြားခဲ့သည်။စာသင်တိုက်များမှပထမ
ကြီးအောင်မြင်ပြီးသူသည်တက္ကသိုလ်တက်၍ဓမ္မာစရိယနှင့်မဟာဓမ္မာစရိယဘွဲ့များရယူရန်ဖြစ်သည်။ အခြေခံဖြစ်သောပရိယတ္တိစာမေးပွဲကိုမူလတန်းနှင့်ငယ်,လတ်,ကြီးဟုအတန်း(၄)မျိုးခွဲခြားထားပြီးအတန်းတိုင်း
၌၀ိနည်း,က၀ိလက္ခဏာ,အဘိဓမ္မာ,မြန်မာစာ-ဟုဘာသာကြီးလေးခုစီပါဝင်ကြသည်။
အရေးကြီးဆုံးဟုယူဆရသောက၀ိလက္ခဏာဘာသာကိုခေတ်မျက်လုံးဖြင့်သုံးသပ်မိသည်။က၀ိလက္ခဏာဟူ
သည်သဒ္ဒါ,အဘိဓာန်,ဆန်းနှင့်အလင်္ကာတို့ကိုဆိုလိုသည်။ပါဠိဘာသာတတ်မြောက်ကျွမ်းကျင်စေရန်က၀ိလက္ခ
ဏာဘာသာကိုပြဋ္ဌာန်းထားသည်။ထိုလမ်းအတိုင်းဖြတ်သန်းခဲ့ကြသူများပါဠိဘာသာတတ်မြောက်ခဲ့ကြပါသ
လား?(အားနာဖွယ်ရာ မေးခွန်းပင်တည်း၊သည်းခံကြပါရန်။)
ပါဠိသင်ရာ၌ဘာသာကိုသင်ခြင်းနှင့်ကျမ်းကိုသင်ခြင်းဟုနှစ်မျိုးရှိသည့်အနက်ဘာသာကိုသင်မှဘာသာတတ် မည်။ကျမ်းကိုသင်လျှင်ကျမ်းကိုပင်သိမည်။ဘာသာကိုတတ်မည်မဟုတ်ပါ။သဒ္ဒါသင်ရာ၌ကစ္စည်းကျမ်းကို
ပြဋ္ဌာန်းထားသည်။ဓာတ်,ပုဒ်,၀ါကျကိုသင်ယူရမည့်အစားကစ္စည်းကျမ်း၏သဒ္ဒါအစီအရင်သုတ်များကိုသာပုံကြီး ချဲ့၍,စ,ပိ,၀ါ,ယောဂ၀ိဘာဂ,လိုက်သုတ်စသည်ကိုအရေးတကြီးမှတ်သားပြီးကစ္စည်းပါဠိကိုအာဂုံဆောင်ခဲ့ရ
သည်များမှာစဉ်းစားမိလေ,ရှက်လေလေဖြစ်သည်။သဒ္ဒါကျမ်းသည်ပါဠိဘာသာတတ်မြောက်ရေးအတွက် အထောက်အကူမျှဖြစ်၍မည်သည့်သဒ္ဒါကျမ်းကိုပြဋ္ဌာန်းသည်ဖြစ်စေ,ထူးခြားမှုရှိမည်မဟုတ်ပါ။လွယ်ကူသော, ကျဉ်းသော,အမှားအယွင်းနည်းသောသဒ္ဒါကျမ်များရှိပါလျက်ကစ္စည်းကျမ်းကိုသာဖက်တွယ်လာခဲ့ကြသည်မှာ အတော်စဉ်းစားစရာကောင်းသောအချက်ဖြစ်သည်။
အဘိဓာန်,ဆန်းနှင့်အလင်္ကာသင်ကြားရေးစနစ်များကိုလည်းစီစစ်သင့်ကြပေသည်။ထို့ထက်ပိုဆိုးသည်မှာပြည်
နယ်,တိုင်းခွဲခြားလိုက်သော,မြန်မာစာမပါတော့သော,မူလတန်းမရှိတော့သော(၂၀၀၃)ခုနှစ်ပြဋ္ဌာန်းချက်ဖြစ်
သည်။ချောက်ထဲကျနေသောပရိယတ္တိစာမေးပွဲကြီးအမှုန့်ဖြစ်ခဲ့ရလေပြီ။တက်သစ်စလူငယ်များအထိနာလှ
သည်။ဝမ်းနည်းဖွယ်ကောင်းလေစွ..။
မိတ်ဆွေ..သင်သည်အသစ်ဖြစ်သည်။အဟောင်းကိုစိန်ခေါ်ရန်တာဝန်ရှိသည်။ဖော့ထားရုံနှင့်မလုံလောက်
တော့ပါ။လက်ပစ်ကူးဖို့လိုအပ်နေပေပြီ၊အရွက်လှရုံနှင့်မလုံလောက်တော့ပါ၊ပန်းပွင့်ဖို့လည်းလိုအပ်နေပေပြီ။
စာရွက်အလွတ်တွေရှိကြဦးမည်ထင်ပါသည်။ဆက်လက်ရေးသွင်းကြစေလိုပါသည်။

`အမှားပြင်ဆင်ချက်များတွင် ထပ်မမှားရအောင်တော့´သတိပြုကြဖို့လိုအပ်ပါလိမ့်မည်....။
ကိုနော
၈.၃.၂၀၀၉
[M.M.W.A.I.န၀မနှစ်၊နှစ်ပတ်လည်စာစောင်တွင် ဖေါ်ပြပြီးဖြစ်သည်။]
0 comment(s) to... “စာရွက်အလွတ်ရှိသေးလား...?”
0 comments:
Post a Comment