ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

 `ယောင်္ကျားဖြစ်ရက်(လျက်)
ဘယ်တော့မှ မျက်ရည် မကျစေနဲ့´တဲ့
ပြတ်သားတဲ့ အမေ့စကား
နှလုံးသားမှာ စူးဝင်
အရူးအမူးပင် ကိုးကွယ်ခဲ့…၊
လောကဓံ ဘယ်လောက်ရိုင်းရိုင်း
အနိုင်နဲ့ပိုင်းခဲ့သမျှ
အမေ့စကားဟာ,တကယ့်အားပေါ့…။

နွမ်းပါးမှုအခြေခံတဲ့ ပုံသေတွက်ကိန်း…
မင်း ဘ၀င်မအေးနိုင်တာ
ငါ ဘယ်တေးနဲ့ချော့သိပ်ရပါ့…?
`ငါတို့ ချစ်ရက်(လျက်) ဝေးရမယ်´တဲ့….၊
ကိုယ် မဟန်တာ
ကံကြမ္မာကို လွှဲချလို့ တော်ပါ့မလား…?

အဲသလိုအချိန်…
အလိုက်သိတဲ့မိုး
အုတ်အုတ်သဲသဲရွာသွန်း
ရေတွေ အိုင်ထွန်းလို့….။
ကိုယ့်ပါးပြင်မှာ စီးဆင်း…
မိုးစက်တွေလား…?
မျက်ရည်လား…?
ကိုယ်ကလည်းေ၀၀ါး
အမေတွေ့လည်း ထွေပြားနေမှာပါလေ….။
 
ကိုနော
၉.၇.၂၀၁၀
 

 သူ မရှိလို့မဖြစ်ဘူး…
အကြင်နာ မေတ္တာ သိုမှီးရာ….၊
ငါတို့ အချစ်တွေ သိမ်းဆည်းဖို့….
လူသားမျိုးဆက် မဆိတ်သုဉ်းဖို့…
လူမမယ်တွေ ရှင်သန်ဖို့….
အရွယ်လွန်သူတွေ စိုပြေဖို့….
သူ ရှိမှဖြစ်မယ်…။
မာန,အတ္တအားကောင်းသူမဟုတ်ဘူးဆိုရင်ပေါ့…..။

သူ ရှိလို့မဖြစ်ဘူး….
လောဘသားတို့ ဆုံစည်းရာ….၊
တစ်လုံးလား? နှစ်လုံးလား?
သုံးလုံးလေလား? မစဉ်းစားနဲ့….၊
ဘယ်အလုံးမှ ဟန်မကျ….
ငွေပြောင်သူ ပြောင်…. အိမ်ပေါင်သူ ပေါင်
ရွာပြောင်းသူ ပြောင်း…. လူရောင်းသူ ရောင်း…..။
သူ မရှိမှဖြစ်မယ်….။
နောင်သာစေမဲ့  အောင်ဘာလေတော့
တစ်ခါတစ်ရံပေါ့….။

ကိုနော
၃၀.၆.၂၀၁၀
(အညွှန်း….၁၊ ထီ(ပါဠိ) မိန်းမ၊ အမသတ္တဝါ၊[တိပိအဘိဓာန်]  
၂၊ ထီ..အမှတ်စဉ် ရေးထိုးထားသော ကံစမ်းမဲတစ်မျိုး။[မြန်မာအဘိဓာန်]












 အရေးတကြီး အိမ်ထောင်ပရိဘောဂတွေထဲမှာ
မင်းကို တမ်းတမှုလည်းပါသပေါ့…..။

ဆိတ်ငြိမ်မှု….
ဒီကနေ့ အိမ်ရဲ့ဦးစားပေးအရာပေါ့….။
ဒီအိမ်ရဲ့လမ်းခွဲမှု
မနေ့က အထိ မှားဆဲ….။

စားပွဲ ကုလားထိုင်များ
အတွေ့အကြုံအသစ်တွေ စုဆောင်းနေလေပြီ….။

မျှတသွားတဲ့ ဘဝ
ထိန်းသိမ်းမှုမှ မျက်ရည်များ ယိုစီး…၊
တိမ်တိုက်ထူထူ
အညီအမျှ ဖုံးအုပ်ပေးထားတယ်….။

အထီးကျန်အိမ်မှာ
ကြောင့်ကြမဲ့ ခင်းကျင်းပြသ…။

မင်း ထွက်သွားတော့….
ရာသီတွေ,အိမ်မက်တွေလည်း ထွက်ခွာ…၊
လွမ်းမိတယ်လေ…။
ငြိမ်းချမ်းမှုတွေ ငွေထဲရောက်သွားအခါ
ငါတို့ လန့်အော်မိကြတယ်…။


ဒါတွေ ဖြစ်ပျက်တဲ့အချိန်
အပြာရောင်မြစ်က ဆိပ်ကမ်းဖြစ်သွားလေရဲ့…။
 
ကိုနော
၂၅.၆.၂၀၁၀
(က၀ိတာအဂ်ျကလ်မှ ဗိရင်ဒရာမစ်ရှထရ၏ ဆမရိတိ ဂိ(တ်)ကိုပြန်ဆိုပါသည်။)








လမ်းကြုံလို့
လှည့်ဝင်လာတဲ့ကောင် ဟုတ်ဘူး…
သင်းတို့ ပင်လယ်မှာ
ရွက်လွှင့်ခွင့် မရလည်း
ခဲတစ်လုံးတော့
ပစ်ချထားခဲ့တယ်….။
တွေ့တယ် ဟုတ်….။
 
လှေနဲ့လှိုင်း အချင်းချင်းကိုင်းရှိုင်းတဲ့နေ့
အရောက်ပြန်ခဲ့မယ်…
လမ်းတွေ
ကော်နက်ရှင်းကောင်းရင်ပေါ့…..။

ကိုနော
၆.၆.၂၀၁၀

မဖိတ်ပဲ ကြွလာတဲ့ဧည့်သည်
ဟိုလျှောက် ဒီလျှောက်
ဦးနှောက်ထဲ ရောက်လာရော…
အေးချမ်းလိုက်ပုံများ
သူ ရောက်ကတည်းက
နွေလယ်ခေါင် စောင်ခြုံနေရတယ်…
ကျုပ်မှာ ဖိတ်ဖိတ်တုန်လို့….၊

လောက၀တ် အပျက်မခံဘူး…
ရှိတာ ချကျွေးမိတယ်….
ရော့…ရော့…သုံးဆောင်ပါဦး…
`မုဆိုးမသားလို့ဆဲတဲ့ မိန်းမကြီး…´
`အဖေမရှိတဲ့ကောင်လို့ အော်ပြေးတဲ့ ကောင်တွေ…´
`အရက်ဝယ်ခိုင်းပြီး မုန့်ဖိုးမပေးတဲ့ အမူးသမားအုပ်စု…´
`နင့်ကိုလား…အီးတောင် လှည့်မပေါက်ဘူးလို့ပြောတဲ့ ကောင်မစုတ်….´
(ဆောရီး…မူရင်းအတိုင်းဖြစ်သည်)
`ပေးစားသူနဲ့ ယူလိုက်တဲ့ ရည်းစားဦး..´
`အကိုပြန်လာရင် အတူနေမယ်ဆိုတဲ့ အသဲလေး….´
`လေယာဉ်ပျံ ၀ယ်ပို့ခိုင်းတဲ့ တူလေးတွေ…´
`ဖြဲခြောက်တတ်တဲ့ အာဏာပိုင်တွေ…´
`ဖိထိုင်တတ်တဲ့ မကင်းနိုင်သူတွေ…´
`ရစရာအကြွေး အနည်းငယ်….´
`ဆပ်စရာအကြွေးပေါင်းချုပ်…´
`အမေရိကန်အိပ်မက်…´
ဦးနှောက်ထဲရှိတာ အကုန်ပါပဲလေ….၊
အကုန်ကိုက်သွားတဲ့ ပိုးဧည့်သည်
ကျေးဇူးအထူးတင်တယ်….
ကဗျာတွေ ပိုလန်းလာဖို့ရှိတယ်…။

ကိုနော
၅.၆.၂၀၁၀

 ကိုယ်ကလည်း အေးအေးလူလူ နေချင်တာပါ့…
တတ်နိုင်ဘူးလေ….
အပူသည် ဖြစ်နေမှတော့
ပူရတော့မှာပေါ့…။
ကိုယ့်အရောင်တွေ ပိုတောက်လာတာ
ကိုယ်လည်း သတိထားမိတယ်…။
ဘယ့်သူ့ လက်ချက်ဖြစ်ဖြစ်ပေါ့…
တရားခံတွေ့တော့ကော
ဘာများ တတ်နိုင်ဦးမှာလဲ…?

တစ်ခုတော့ရှိတယ်…
အေးဆေးတဲ့ ကိုယ့်ညီဆီ
လူတွေ လာနှောင့်ယှက်တတ်တယ်..
မြေခွာလို ခွာ…
ရေရှာလို ရှာနဲ့….စပ်စပ်စုစုတွေ…
ကိုယ့်ဆီမတော့
အနေပူပေမယ့်
နားအေးပါးအေးရှိတယ်…။

`အို….လူအပေါင်းတို့…
ငြီးမနေကြနဲ့…
တားဆီးလို့မရတာ သေချာရင်
ကိုယ့်ကိုယ်ကိုသာ ကာကွယ်ကြတော့…´


အချို့လူများ ကြံကြံဖန်ဖန်ဗျာ…
`မြို့ဆိုပြီး
ကွန်ကရစ်တောထဲ
လာနေရတယ်´လို့…´
အံ့ရော…အံ့ရော….။

ကိုနော
၅.၆.၂၀၁၀

 အစိမ်းရွက်ကို
အဖြူခြယ်…
အမာ,အပျော့ပစ္စည်းတချို့ပေါင်းစပ်….
တတောက်တောက်နဲ့
ဝါးလို့ ကောင်းသား….၊
ရဲသွေးတော့ နီပါရဲ့…
ရွံ့စရာကောင်းလိုက်တာ…
`ထွီ….´။

တချို့ကျတော့…
အဖြူထည်ကို
အညိုနုရောင် ဆင်မြန်းပေး
အမာထည်တွေ တပ်ဆင်…
အပျော့ထည်တွေ ရိုက်သွင်းထား…
ဝါးကြည့်လိုက်တယ်…
နှစ်လေးဆယ်….၊
ရဲသွေးတော့ နီပါရဲ့…
ရွံ့စရာကောင်းလိုက်တာ…
`ထွီ….´။
ကင်ဆာတောင်ဖြစ်နေလောက်ပြီ...။

ကိုနော
၎.၆.၂၀၁၀


 ရဲမှ နှင်းဆီခေါ်ကြလေမလား…?
မတူနိုင်တာကို နားလည်ပေးပါ…၊
သင်းတို့လိုပါပဲ…..
ရှင်သန်ဖို့
အကြင်နာတွေ မျှော်လင့်ဆဲပါ….။

ကိုယ့်မှာလည်း
အပွင့်ချပ် အစုံအလင်
လက်နက်တွေ တပုံတပင်ပါလေ….၊
အလှအပတော့
ဇာချဲ့ မပြောချင်ဘူး
သင်းတို့ပေးတဲ့ အမှတ်အတိုင်းရှိစေ…..။

ပွင့်မိချေပြီ…..
မပန်ချင်ရင် ခေါင်းတွေရွှေ့ထား….
ဆူးကြောက်ရင် ဒူးထောက်နေကြ….။
ခေတ်ကတောင်းဆိုလာရင်
ကိုယ့်လက်နက်တွေ ဖြုတ်သိမ်းဖို့
ဆွေးနွေးမယ်……။

ကိုနော
၎.၆.၂၀၁၀
မှတ်ချက်.....နှင်းဆီဗေဒ မကျွမ်းကျင်ပါ....အလှနဲ့ဆူးကို တွဲမြင်မိသဖြင့် ရင်ဖွင့်လိုက်တာပါ...သဘာဝနဲ့အံချော်နေပါက တည့်မတ်ပေးကြပါရန်....။

 အလှမ်းမမီတာ
ဝမ်းမနည်းဘူး…
ကိုယ်ကမှ ခြေစစ်ပွဲမအောင်ခဲ့တာ….။
`အားနည်းသူ လမ်းဖယ်စတမ်း´ခေတ်မှာ
မင်းဘက်က မျှတပါတယ်လေ…။

မင်းအချစ်ကို ဆွတ်ခူးမယ့်
အကောင်းဆုံးအသင်းကို အားပေးဖို့
ငါ့လက်တစ်စုံ
တခုပ်တရ ဆေးကြောထားတယ်….။
လုပ်ပွဲတွေ ကင်းရှင်းအောင်တော့
မင်းလေး တာဝန်ယူပေါ့….။

စိုးရိမ်မိတယ်….
ဂုဏ်ယူရုံသက်သက်
မင်းအချစ်တွေ
ဧည့်ခန်းထဲ ပြသခံထားရမှာကို…..။

စိတ်ချ….
နောက်ဘ၀ ကမ္ဘာ့ဖလားမှာ
ကိုယ် ဗိုလ်စွဲရစေ့မယ်…
နောက်ပြီး…
ကိုယ့်ရင်ခွင်ဟာ
ဧည့်ခန်းတစ်ခု မဖြစ်စေရဘူး….။

ကိုနော
၃.၆.၂၀၁၀

 ငါ ရှင်သန်ဆဲ ကမ္ဘာ
ငါ့လက်ရာ မဟုတ်ခဲ့….။

ငါ လျှောက်ခဲ့တဲ့ လမ်း,
စီးတဲ့ ဖိနပ်,
စားသမျှ အစာ
ငါ့လက်ရာ မဟုတ်….။

ငါလွှင့်တဲ့ အလံ,
ငါတိုင်တဲ့ ကြွေးကြော်သံ,
ငါဆိုတဲ့ သီချင်း,
သူများ လက်ရာတွေပေါ့…..။

ငါဖတ်သမျှစာအုပ် 
ငါ စီရင်တာ မဟုတ်….။

အာဂ သူခိုးတစ်ယောက်ပါလား…
သူများ အားထုတ်ထားသမျှ
မသိမသာယူတုန်း….။

ငါ ဘာတွေ လုပ်ခဲ့ပြီလဲ…?
ရှင်သန်ခွင့်ကော ရှိရဲ့လား….?

ကိုနော
၃.၆.၂၀၁၀
(ဗောဓိဆတ်တွ၏ ခတမ် နဟီး ဟိုတီ ဗာတ် ကဗျာပေါင်းချုပ်မှ ကျိုးရ် ကို ပြန်ဆိုပါသည်။)



 လူကို ယုံလို့ ဟုတ်ဘူး
ဆေးကို ယုံလို့ လာခဲ့တာ....
ငှက်ဖျားဖြစ်ဖြစ်....ဆင်ဖျားဖြစ်ဖြစ်
အပြတ်ရှင်းပေးရမှာပေါ့....။

ခြေချော် လက်ချော်ဖြစ်ခဲ့ ရင်
ဘယ်သူ့ တာဝန်လဲ....?
ငါ့ ကံကြမ္မာလား
ဆေးလား
ဆရာဝန်လား
ငွေလား
တစ်ခုခုကြောင့်ဖြစ်မှာပေါ့...။

အေး...အခုတော့...
အေးဆေးပဲလေ....
ဗာရာဏသီ ပုံနားများအတွက် 
သတင်း မထူးသေးဘူး...

ဟဲလို.....
ကိုနော....ပါ
အပိုမပြောဘူး
အားလုံး ပုံမှန်အတိုင်းပါ...
ဦးနှောက်ထဲ ပိုးဝင်သွားတာက လွဲလို့ပေါ့....။

ကိုနော
၂၉.၅.၂၀၁၀








 မင်းလေးက
ကိုယ့်အိပ်မက်ပါကွယ်…
ကိုယ့်ဆီမလာချင်ပါနဲ့
မခေါ်ရက်ဘူး…။

ဆက်ပျံလိုက်ပါ…
သင့်တော်ရာ သွား
အမြင့်ပေါ်မှာ နားပါ….၊
ကိုယ့်အရိပ် ၀င်မခိုပါနဲ့
ခရီးဖင့်သွားလိမ့်မယ်….။

ဆက်ပျံလိုက်ပါ….
ဟော…ဟိုမှာ တောအုပ်….
အပင်တိုင်း ကြိုနေလိမ့်မယ်….နော့
နေပူလည်း ခဏပါကွယ့်….။

ဒီအပင်က
အရိပ်လှပေမယ့်
စိတ်မချရဘူး ကလေးရယ်…။
 
ကိုနော
၁၂.၅.၂၀၁၀ 
၁။ ၀ုန်း….ဖုန်း…..ဒိုင်း….ဗြန်း….
၂။ ဝေါ….ဝေါ….ရှလော…ဟော…ဗြော….
၃။ ဂြီး…ဂီြး…ဂီး…ဟီး…ဟီး…..
၄။ ၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀..။
အဖွင့်….၁-သည် ကိုနောအသည်းပေါက်ကွဲသံဖြစ်၍….၂-ကား မျက်ရည်ကျသံဖြစ်သည်။
၃-မှာ ငိုသံဖြစ်ပြီး….၄-ကား ဇီးရိုးမဟုတ် ၀လုံးများဖြစ်သည်။

 
MA,PHC Konaw
M…အမ်…မြန်မာပြည်အခြေအနေကလည်း ဘာကြီးတုန်း ဟ…
A…အေ….ကြည့်လုပ်ကြရသေးတာပါ့….။
P….ပီ ပီပြင်ပြင် မလုပ်နိုင်ကြသရွေ့
H…HIV ပိုးလို ဒုက္ခပေးနေဦးမှာ....
C….စီ ကာပတ်ကုံး မပြောတတ်ဘူးလေ…၊
Konaw….ကိုနောတို့ ထမင်းမ၀နိုင်သေးဘူး….။   
 
ကဗျာ၏ အစစာလုံးများကို အောက်သို့တန်းစီဖတ်လိုက်လျှင် M A P H C Konaw ဟု ဖြစ်သည်။ 
M A P H C Konaw၏အနက်မှာ….မင်း အလှည့် ပဲ ဟင်း ချက် ကိုနော ဖြစ်သည်။
 
ကိုနော
၁၂.၅.၂၀၁၀

 အမေ ညှစ်အားကောင်းလို့
လူဖြစ်ခဲ့ရသူပါ….။

ကလေးဘဝ
မုန့်မ၀ခဲ့…
မျက်လုံးတွေ ရေမကူးတဲ့နေ့ မရှိခဲ့ဘူး….။

လူငယ်ဘ၀….
စာမတော်ခဲ့….
ကျောင်းတက်လည်းမမှန်
နောက်စာလည်းပြန်မအံမိ….။

လူရွယ်ဘ၀…
ရည်းစား မလှ….
နှုတ်က ပွသေး
စိတ်ကညစ်ထေး…
တေးတစ်ပုဒ်မှ မသီခဲ့ရ…။

လူလတ်ဘ၀….
စီးပွားမဖြောင့်
မီးပွားလောက်မှ မတောက်ခဲ့….
ခရီးသွားတော့လည်း နောက်ကပဲဗျာ….။

လူကြီးဘ၀…..
သားသမီးမကောင်း
ဗိုက်ဟောင်းလောင်း
တော်ရာပဲ အောင်းနေခဲ့ရ…..၊

လူအိုဘ၀….
ဆေးနဲ့ဝေး….
ကျောင်းနဲ့ဝေး…
ဘုရားနဲ့ဝေး….
တရားနဲ့ဝေး…
ဝေး….ဝေး…..ဝေး…...၊
အခုထိ…..ဂျိုကာတစ်ကောင်မှ မတက်သေးပါလားကွယ်…။

ကိုနော
၁၁.၅.၂၀၁၀

မေတ္တာလက်ဆောင်......
ကီဠတိ….(ခေဠတိ)….ကစား၏။
ကီဠာပတ္တာဝလီ(ဣတ္ထိလိင်)…..ဖဲချပ်
 
ဟာသကာရက(ပုံလိင်)....ဂျိုကာ
ကီဠာပတ္တာဝလိယာ ကီဠတိ…(ကီဠာပတ္တာဝလိံ ကရောတိ)….ဖဲကစား၏။ ဖဲရိုက်၏။
 ဟာသကာရကော အာဂစ္ဆတိ…ဂျိုကာတက်၏။


 ကိုယ်တိုင်ရေး ၀တ္ထုပါ…
ပြန်ဖတ်နေတာ တစ်ဝက်ကျိုးပြီ….။
အရသာမရှိလိုက်လေခြင်းကွယ်….၊
ဆိုးလိုက်တဲ့ဝတ္ထု….
အဲ….မကောင်းလိုက်တဲ့ဝတ္ထုဆိုရင် ပိုမှန်မယ်….။

ဇာတ်အိမ်….
ဇာတ်ကွက်….
အသေးစိတ်ဇာတ်ဝင်ခန်း….
စကားအသုံးအနှုံး…သီချင်း….
သရုပ်ဆောင်များ….
အဆိုးဆုံးက….မင်းသမီး….
ကိုယ့်စိတ်ကြိုက် တစ်ခုမှမပါ….။

ဘိုထိုင်အဆင်ပြေရင်
အသေးစိတ်ဖတ်ဖို့ စိတ်ကူးရှိပါရဲ့…..။
လက်ကျန်ဇာတ်လမ်းအကျဉ်း…
အို….
နာ….
သေ……။
(မှတ်ချက်….အေးဆေး)

ကိုနော
၁၁.၅.၂၀၁၀

 ဘာကြောင့်ပဲဖြစ်ဖြစ်
ဒီလောက်လျှောက်ခဲ့ပြီးမှတော့
နောက်ပြန်မလှည့်သင့်တော့ဘူး…..၊
 
ဝေးသေးလား…?
ဆက်လျှောက်တယ်ပဲ ထားပါတော့…..
ပန်းတိုင်ကို သွားရမှာလား….?
သွားနေတာက ပန်းတိုင်လား….?
လက်ထောက်ဗေဒင်လေးတော့ကြည့်သင့်နေပြီ…။

ဒါနဲ့……
ငါ့ခရီးက….
ပြန်လှည့်နေတာလား…..?
ပြန်လည်နေတာလား….?
ကိုယ့်ကိုယ်ကို စောင့်ကြည့်ဖို့
လူတစ်ယောက်ငှားရဦးမယ်လေ…။
 
(အဓိပ္ပါယ်တူ သူငယ်ချင်းများ ဂုဏ်ပြုပွဲ၌ ရွတ်ဖတ်ရန်ရည်ရွယ်၍ ရေးသားပါသည်။)

ကိုနော
၁၁.၅.၂၀၁၀

 ကောင်းကင်ကို မော့ကြည့်မိတယ်…
`ငါ တစ်ယောက်တည်းမဟုတ်ဘူး´ဆိုတဲ့ အသိကလွဲပြီး
ဘာမှ ထွက်ကျမလာ…။
ကောင်းကင်ကို မော့ကြည့်မိတယ်…။
 
ရွှေမြန်မာများ…အသေအချာမှားဆဲ
အဆင်မပြေသေး…..
ကောင်းကင်ကို မော့ကြည့်မိတယ်…။
 
အဆင်ပြေအောင်လုပ်မယ့်လူများ
အဆင်မပြေသေး…..
ကောင်းကင်ကို မော့ကြည့်မိတယ်…။
 
အဆင်ပြေအောင်လုပ်မယ့်လူများကို
အဆင်မပြေအောင်လုပ်နေသူများ
အဆင်မပြေသေး….
ကောင်းကင်ကို မော့ကြည့်မိတယ်…။
 
အဆင်မပြေသူများအကြောင်းပြောနေတဲ့ ကိုနော
အဆင်မပြေသေး…..
ကောင်းကင်ကို မော့ကြည့်မိတယ်…။
 
ကောင်း ကင် ကို မော့….
`ပွဲပြီးမှ သိရမယ့် အဖြေမျိုး ကျမလာပါစေနဲ့….´
ကောင်း ကင် ကို မော့ ကြည့် မိ တယ်…။

ကိုနော
၁၀.၅.၂၀၁၀
 
(မှတ်ချက်…ကဗျာဆရာကောင်းကင်ကိုကတော့ မော့မယ်မထင်ဘူး)




ဆုဓာမိုက် တစ်ခါတစ်ခါတွေးမိသည်။
`ဘာကြောင့် မယမန်ဆင်းကို စွန့်ခဲ့ရသလဲ…အိမ်သံယောဇဉ်က ဘာကြောင့်နှိပ်စက်နေသလဲ.....?
မာယာပြဿနာလား…ဒါ လည်းဖြစ်နိုင်တယ်…ဒီပြန်ပေးဆွဲတဲ့ကိစ္စက ဟိန္ဒူရော,မူစလင်ရောခံနေကြရတာပဲ၊
ဘာလဲ…ကိုယ့်အိမ်ကလုံခြုံမှုမရှိဘူးလို့ခံစားနေရတာလား…?´ကိုယ့်ဘာသာမေးခွန်းတွေထုတ်ကြည့်နေသည်။

သံသီးဗဂျားရှိ အိမ်သေးသေးတွင်း လှဲရင်းလျှောက်တွေးနေသည်။
`ဘာကြောင့် ကိုယ်ပိုင်အိမ်ကို စွန့်ပြီးတစ်စိမ်းရပ်ကွက်မှာ လာနေရတာလဲ…သူတို့ကို ရှောင်တာလား..
မြေကိစ္စမှာ ဘာကြောင့် ရှုံးမယ်လို့ထင်နေတာလဲ..ဟိုသူဋ္ဌေးက မတရားနဲ့တရားဆင်တာနဲ့ပဲ ရှုံးသွားမှာလား
…ကိုယ်ပိုင်အိမ်…ကိုယ့်အိမ်ကိုယ် တရားစွဲခံရပြီးရှုံးမှာထက် အချိန်ရှိတုန်းသိက္ခာရှိရှိထွက်သွားတာက ပို
ကောင်းတယ်…´
တစ်ဝမ်းကွဲအစ်ကိုတစ်ယောက်လည်း ဒီလိုပဲ ကိုယ့်အိမ်ကိုယ်လက်လွှတ်လိုက်ရတာကို ဆုဓာမိုက်တွေ့ဖူး
သည်။တန်ဂါအီးလ်ရှိ အာကူးရ်ဌာကူးရ်က အိမ်ဖြစ်သည်။ဘေးအိမ်က ဇမီးမုံရှီက မြေလုဖို့ကြိုးစားသည်။
တရားဆိုင်ကြရသည်။ငါးနှစ်ကြာပြီးနောက် ဇမီးမုံရှီ အနိုင်ရသွားသည်။အဲဒီနောက်..အစ်ကိုလည်း အိန္ဒိယ
ထွက်သွားသည်။အစ်ကိုလိုမဖြစ်ရလေအောင် ဘိုးဘွားပိုင်မြေကို ခပ်သွက်သွက်ရောင်းခဲ့ရသည်။သူလည်း
အိန္ဒိယထွက်သွားမယ်ဆိုရင် အခက်အခဲမရှိလှ…အရင်လိုလည်းဂုဏ်သိက္ခာမရှိတော့…မိတ်ဆွေတွေလည်း
လျော့လာသည်…ဟိန္ဒူမိသားစုများသည် အခွင့်အရေးရရင်ရသလို အိန္ဒိယကိုထွက်ခွာနေကြသည်…
တချို့လည်းဆုံးပါးကုန်ပြီ…ကျန်နေတဲ့သူတွေမှာလည်း အနာဂတ်မျှော်လင့်ချက် ဘာမှ ရေရေရာရာမရှိကြ…
မကောင်းဆိုးဝါးတွေက ဘယ်ချိန် လာနှောင့်ယှက်ကြမလဲဆိုတာပဲ အမြဲပူနေကြရသည်..။
 
အားလုံး၏အိပ်မက်သည် အိန္ဒိယဖြစ်သည်။အားလုံးသည် လျှို့ဝှက်နည်းလမ်းများဖြင့် နယ်စပ်ကိုကျော်ဖြတ်ဖို့
အသင့်ပြင်နေကြသည်။ဆုဓာမိုက်ကတစ်ခါတစ်ခါပြောမိသည်။
`ဒီနိုင်ငံမှာ စစ်ဖြစ်တုန်းက ကြောက်လို့ အိန္ဒိယထွက်သွားကြတယ်…လွတ်လပ်ရေးရတော့ သတ္တိရှိသလိုလို
ပြန်လာကြတယ်….ပြောလိုက်ရင် အိန္ဒိယအကြောင်းပဲ…၊´
အဲဒီစကားတွေက သူ့ကို ဒုက္ခပေးတော့သည်။အားလုံးနဲ့ ကန့်လန့်ဖြစ်လာသည်။ဟိန္ဒူမိတ်ဆွေများရော,
မူစလင်မိတ်ဆွေများပါ တဖြေးဖြေးနှင့် ဆုဓာမိုက်ကိုခွာလာကြသည်။ပွင့်ပွင့်လင်းလင်းမပြောမဆိုကြတော့…။
သူတို့အိမ်တွေ ရောက်သွားရင်တော့ ပြောဆိုကြသည်။
`ဆုဓာမိုက် ဧည့်ခန်းထဲ ထိုင်ဦးနော်….ကျုပ် ဘုရားဝတ်ပြုလိုက်ဦးမယ်…´
`ဒီနေ့ မင်းရောက်လာတယ်ဆိုတော့ အိမ်တော့ကျက်သရေရှိသွားပြီဟေ့´စသဖြင့်…။
ဆုဓာမိုက် အဖော်မဲ့လာသည်။ကိုယ့်မြို့အပေါ် အမှတ်ရမှု,စိုးရိမ်းမှု,အာရုံစိုက်မှုများကသူ့ကိုနှိပ်စက်နေသည်။
ထိုကြောင့် ထွက်သွားချင်သည်။နိုင်ငံကိုတော့မစွန့်ချင်….အိပ်မက်မြို့လေးကို စွန့်ချင်လာသည်။ဒီအတွက်မရှူ
နိုင်မကယ်နိုင်ဖြစ်ခဲ့ရသည်။
ဆုဓာမိုက် ဒါကာရောက်စ…...
ခိုသိုက်လို အခန်းကျဉ်းကျဉ်းလေးထဲမှာနေရတာကို စိတ်ပျက်မိသည်။နောက်တော့လည်း အလေ့အကျင့်ဖြစ်
သွားသည်။တက္ကသိုလ်၌ အလုပ်ရသည်။မိတ်ဆွေအသစ်တွေတိုးပြီး အသားကျလာသည်။နိုင်ငံရေးထဲလည်း
ပါလာသည်။အစည်းအဝေးများ,ဆန္ဒပြပွဲများတွင်ဖိတ်ကြားခံရသည်။အဲဒါတွေကို ကိရန်းမယီက သဘောမကျ
ချေ။အစကတည်းက တားမြစ်လာသည်၊အခုလည်းအားမပေး…။
ကိရန်းမယီကတော့ ကိုယ်တိုင်စိုက်ပျိုးထားသောခြံကလေးနှင့်သစ်ပင်ဝါးပင်များအကြောင်းတွေးပြီးမျက်ရည်
ကျနေသည်။
`စိုက်ထားတဲ့ပဲပင်တွေအခုဘယ်လိုဖြစ်နေပြီ….မာလကာပင်….ဒီလောက်ကြီးတဲ့အသီးမျိုး ရပ်ကွက်ထဲ ဘယ့်
သူ့အပင်မှ သီးတာ မဟုတ်ဘူး….အုန်းပင်ခြေမှာ လူတွေဆားရေလောင်းပေးပါ့မလား…´
အဲဒါတွေကိုပဲတွေးပြီး စိတ်ဆင်းရဲနေသည်..။
ဆုဓာမိုက်ကကော…….?
ကိုနော
၁၀.၅.၂၀၁၀




ယခုလသည် မေလဖြစ်သည်။ ရှင်းလှပေစွ…..။
မေဟုပြောလျှင် ကုလားအများစုက နားမလည်ချေ…။မာအီးဟုပြောမှ နားလည်ကြသည်။ကုလားလူမျိုးသည်
အစပ်ကြိုက်သည်အားလျော်စွာ လျှာသွက်လှပေသည်။ သရ,ဗျည်းရှိသမျှ အသံလိုက်ထွက်သည်။
မာအီးဖြစ်ပုံကား ဤသို့တည်း..။

မေလသည် အင်္ဂလိပ်နာမည် MAYဖြစ်သည်။MAသည် မာ ဖြစ်ပြီး Yသည် ယ ဖြစ်သည်။ ယသည် ဣ...အိ
(သို့မဟုတ်)ဤ...အီမှ လာသည်။ဣ= ဤ= ယသည် အတူတူဖြစ်သည်။သို့ဖြစ်၍ သဒ္ဒါဆရာအရှင်မဟာ
ကစ္စည်းမထေရ်မြတ်က ဣ၀ဏ္ဏော ယံ န၀ါ…ဈလာန မိယုဝါ သရေ၀ါ စသောကီးများကို ကလေးများအတွက်
သတ်မှတ်ပေးထားခဲ့သည်။ထိုကီးများကိုပင် စာအထင်ဖြင့် အမိရွှေပြည်ကြီးမှ ပါဠိပညာရှင်ကြီးများက တသ
သနှင့် ရွှေချကောင်းတုန်းရှိနေသေးသည်။ ဘယ့်နှာပြုကြလေကုန်ရာအံ့….။
အခြားခြားသော အသံပြောင်းပုံပြောင်းနည်းအထွေထွေကိုတော့ အသံပြောင်းတမ်းကစားနည်း၌ ၀ါသနာထုံ
လှသော ဆရာတော်ကြီးဓမ္မဂင်္ဂါအား မေးမြန်းလျှောက်ထားကြလေကုန်ရာသော်…..။
 
ကဲ…မပြောဘူးလား….သံဃာတော်များအတွက်သာလို့……၊လူပုဂ္ဂိုလ်များ ဘယ်..နားလည်လိမ့်မတုန်းဗျ…။
 
`ကျေးဇူးသခင်, ထေရ်အရှင်, ဓာတ်ပုံမြင်ရင် ကန်တော့ပါ၏´
`ပရီးမီးယား, နောက်ဆုံးဖလား, အားရ ပါးရ ကြည့်သင့်၏။´
 
ကိုနော
၉.၅.၂၀၁၀







ယခုနှစ်သည် မြန်မာ့ပြက္ခဒိန်အရ ၀ါထပ်နှစ်ဖြစ်၍ ၀ါဆိုလနှစ်လရှိပေမည်။ဒုတိယ၀ါဆိုလ၌ ရဟန်းတော်များ
ဝါကပ်ကြရပေမည်။ဒုတိယ၀ါဆိုလနှင့်ဒုတိယ၀ါကပ်ခြင်းကို မြန်မာများမကွဲပြားကြချေ။နီးစပ်ရာသံဃာတော်
များကို လျှောက်ထားစုံစမ်းထားသင့်ပေသည်။
ကုလားပြက္ခဒိန်အရ ယခုနှစ်သည် ဆုန်ထပ်နှစ်ဖြစ်၍ ကဆုန်နှစ်လရှိနေသည်။သို့ဖြစ်၍ ကုလားများသည်
လာမည့် မေလ(၂၇/၂၈)ရက်များ၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ပွဲတော်ကျင်းပကြပေလိမ့်မည်။

ရှင်းပါအံ့….(အဟမ်း….အဟမ်း)
ရာသီခွင်ဖြင့်လည်ပတ်သောကုလားရိုးရာပြက္ခဒိန်နှင့် ကုလားစော်နံသောမြန်မာ့ရိုးရာပြက္ခဒိန်များအရ(၃)နှစ်
လျှင်တစ်ကြိမ်,တစ်လတိုးပေးရလေ့ရှိသည်။အတိုးပေးရသောလကို မြန်မာ့ပြက္ခဒိန်က ၀ါဆိုလဟု ပုံသေသတ်
မှတ်ထားသဖြင့် (၃)နှစ်လျှင် တစ်ကြိမ်ဝါထပ်ရတော့သည်။
ကုလားပြက္ခဒိန်အရကတော့ အတိုးပေးရသောလကို သတ်မှတ်မထားချေ။ ဘယ်လမဆိုဖြစ်နိုင်သည်။
တိုးလာသောလသည်ထူးခြားမှုရှိသည်။မြင့်မြတ်သည်။ထိုလကိုအဓိမာသ,အဓိကမာသ,မလမာသ,ပုရုရှောက်
တမ်ဟုခေါ်သည်။ယခုနှစ်တွင် ကဆုန်လတိုးလာသည်။နောင်လာမည့်သုံးနှစ်မြောက်၌တိုးလာမည့်လကိုမသိ
ရသေးချေ။
ရွှေမြန်မာများကတော့ ၀ါထပ်ခြင်းကို ဘုရားဟောကျမ်းဂန်နှင့်ညီသယောင် ဘ၀င်မြင့်နေတတ်သည်။
မဟာဝါပါဠိတော်၌လာသောဝါငင်ခြင်းနှင့် လတိုးခြင်းတို့မှာ သီးခြားစီသာဖြစ်ပေလိမ့်မည်။
ရှင်တော်ဗုဒ္ဓသည် ကုလားပြည်၌ မွေး, ကြီးပျင်း, ဘုရားဖြစ်,တရားဟော,အဖွဲ့အစည်းထူထောင်,ပရိနိဗ္ဗာန်ပြု
သွားသော ကုလားဖြစ်ကြောင်းကိုလည်း မမေ့အပ်ပေ….။
 
(သံဃာတော်များသာ(လုံးဝ…လုံး….၀..သံဃာတော်များ)သီးသန့်ဖတ်ရန် ပို့စ်တစ်ခုစီစဉ်နေပါကြောင်းအသိ
ပေးအပ်ပါသည်…ဒါယကာ..ဒါယိကာမအပေါင်း..သူတော်ကောင်းတို့…ရူး..တိုး..တိုး…။)

ကိုနော
၈.၅.၂၀၁၀