ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

 `ယောင်္ကျားဖြစ်ရက်(လျက်)
ဘယ်တော့မှ မျက်ရည် မကျစေနဲ့´တဲ့
ပြတ်သားတဲ့ အမေ့စကား
နှလုံးသားမှာ စူးဝင်
အရူးအမူးပင် ကိုးကွယ်ခဲ့…၊
လောကဓံ ဘယ်လောက်ရိုင်းရိုင်း
အနိုင်နဲ့ပိုင်းခဲ့သမျှ
အမေ့စကားဟာ,တကယ့်အားပေါ့…။

နွမ်းပါးမှုအခြေခံတဲ့ ပုံသေတွက်ကိန်း…
မင်း ဘ၀င်မအေးနိုင်တာ
ငါ ဘယ်တေးနဲ့ချော့သိပ်ရပါ့…?
`ငါတို့ ချစ်ရက်(လျက်) ဝေးရမယ်´တဲ့….၊
ကိုယ် မဟန်တာ
ကံကြမ္မာကို လွှဲချလို့ တော်ပါ့မလား…?

အဲသလိုအချိန်…
အလိုက်သိတဲ့မိုး
အုတ်အုတ်သဲသဲရွာသွန်း
ရေတွေ အိုင်ထွန်းလို့….။
ကိုယ့်ပါးပြင်မှာ စီးဆင်း…
မိုးစက်တွေလား…?
မျက်ရည်လား…?
ကိုယ်ကလည်းေ၀၀ါး
အမေတွေ့လည်း ထွေပြားနေမှာပါလေ….။
 
ကိုနော
၉.၇.၂၀၁၀
 

 သူ မရှိလို့မဖြစ်ဘူး…
အကြင်နာ မေတ္တာ သိုမှီးရာ….၊
ငါတို့ အချစ်တွေ သိမ်းဆည်းဖို့….
လူသားမျိုးဆက် မဆိတ်သုဉ်းဖို့…
လူမမယ်တွေ ရှင်သန်ဖို့….
အရွယ်လွန်သူတွေ စိုပြေဖို့….
သူ ရှိမှဖြစ်မယ်…။
မာန,အတ္တအားကောင်းသူမဟုတ်ဘူးဆိုရင်ပေါ့…..။

သူ ရှိလို့မဖြစ်ဘူး….
လောဘသားတို့ ဆုံစည်းရာ….၊
တစ်လုံးလား? နှစ်လုံးလား?
သုံးလုံးလေလား? မစဉ်းစားနဲ့….၊
ဘယ်အလုံးမှ ဟန်မကျ….
ငွေပြောင်သူ ပြောင်…. အိမ်ပေါင်သူ ပေါင်
ရွာပြောင်းသူ ပြောင်း…. လူရောင်းသူ ရောင်း…..။
သူ မရှိမှဖြစ်မယ်….။
နောင်သာစေမဲ့  အောင်ဘာလေတော့
တစ်ခါတစ်ရံပေါ့….။

ကိုနော
၃၀.၆.၂၀၁၀
(အညွှန်း….၁၊ ထီ(ပါဠိ) မိန်းမ၊ အမသတ္တဝါ၊[တိပိအဘိဓာန်]  
၂၊ ထီ..အမှတ်စဉ် ရေးထိုးထားသော ကံစမ်းမဲတစ်မျိုး။[မြန်မာအဘိဓာန်]












 အရေးတကြီး အိမ်ထောင်ပရိဘောဂတွေထဲမှာ
မင်းကို တမ်းတမှုလည်းပါသပေါ့…..။

ဆိတ်ငြိမ်မှု….
ဒီကနေ့ အိမ်ရဲ့ဦးစားပေးအရာပေါ့….။
ဒီအိမ်ရဲ့လမ်းခွဲမှု
မနေ့က အထိ မှားဆဲ….။

စားပွဲ ကုလားထိုင်များ
အတွေ့အကြုံအသစ်တွေ စုဆောင်းနေလေပြီ….။

မျှတသွားတဲ့ ဘဝ
ထိန်းသိမ်းမှုမှ မျက်ရည်များ ယိုစီး…၊
တိမ်တိုက်ထူထူ
အညီအမျှ ဖုံးအုပ်ပေးထားတယ်….။

အထီးကျန်အိမ်မှာ
ကြောင့်ကြမဲ့ ခင်းကျင်းပြသ…။

မင်း ထွက်သွားတော့….
ရာသီတွေ,အိမ်မက်တွေလည်း ထွက်ခွာ…၊
လွမ်းမိတယ်လေ…။
ငြိမ်းချမ်းမှုတွေ ငွေထဲရောက်သွားအခါ
ငါတို့ လန့်အော်မိကြတယ်…။


ဒါတွေ ဖြစ်ပျက်တဲ့အချိန်
အပြာရောင်မြစ်က ဆိပ်ကမ်းဖြစ်သွားလေရဲ့…။
 
ကိုနော
၂၅.၆.၂၀၁၀
(က၀ိတာအဂ်ျကလ်မှ ဗိရင်ဒရာမစ်ရှထရ၏ ဆမရိတိ ဂိ(တ်)ကိုပြန်ဆိုပါသည်။)








လမ်းကြုံလို့
လှည့်ဝင်လာတဲ့ကောင် ဟုတ်ဘူး…
သင်းတို့ ပင်လယ်မှာ
ရွက်လွှင့်ခွင့် မရလည်း
ခဲတစ်လုံးတော့
ပစ်ချထားခဲ့တယ်….။
တွေ့တယ် ဟုတ်….။
 
လှေနဲ့လှိုင်း အချင်းချင်းကိုင်းရှိုင်းတဲ့နေ့
အရောက်ပြန်ခဲ့မယ်…
လမ်းတွေ
ကော်နက်ရှင်းကောင်းရင်ပေါ့…..။

ကိုနော
၆.၆.၂၀၁၀

မဖိတ်ပဲ ကြွလာတဲ့ဧည့်သည်
ဟိုလျှောက် ဒီလျှောက်
ဦးနှောက်ထဲ ရောက်လာရော…
အေးချမ်းလိုက်ပုံများ
သူ ရောက်ကတည်းက
နွေလယ်ခေါင် စောင်ခြုံနေရတယ်…
ကျုပ်မှာ ဖိတ်ဖိတ်တုန်လို့….၊

လောက၀တ် အပျက်မခံဘူး…
ရှိတာ ချကျွေးမိတယ်….
ရော့…ရော့…သုံးဆောင်ပါဦး…
`မုဆိုးမသားလို့ဆဲတဲ့ မိန်းမကြီး…´
`အဖေမရှိတဲ့ကောင်လို့ အော်ပြေးတဲ့ ကောင်တွေ…´
`အရက်ဝယ်ခိုင်းပြီး မုန့်ဖိုးမပေးတဲ့ အမူးသမားအုပ်စု…´
`နင့်ကိုလား…အီးတောင် လှည့်မပေါက်ဘူးလို့ပြောတဲ့ ကောင်မစုတ်….´
(ဆောရီး…မူရင်းအတိုင်းဖြစ်သည်)
`ပေးစားသူနဲ့ ယူလိုက်တဲ့ ရည်းစားဦး..´
`အကိုပြန်လာရင် အတူနေမယ်ဆိုတဲ့ အသဲလေး….´
`လေယာဉ်ပျံ ၀ယ်ပို့ခိုင်းတဲ့ တူလေးတွေ…´
`ဖြဲခြောက်တတ်တဲ့ အာဏာပိုင်တွေ…´
`ဖိထိုင်တတ်တဲ့ မကင်းနိုင်သူတွေ…´
`ရစရာအကြွေး အနည်းငယ်….´
`ဆပ်စရာအကြွေးပေါင်းချုပ်…´
`အမေရိကန်အိပ်မက်…´
ဦးနှောက်ထဲရှိတာ အကုန်ပါပဲလေ….၊
အကုန်ကိုက်သွားတဲ့ ပိုးဧည့်သည်
ကျေးဇူးအထူးတင်တယ်….
ကဗျာတွေ ပိုလန်းလာဖို့ရှိတယ်…။

ကိုနော
၅.၆.၂၀၁၀

 ကိုယ်ကလည်း အေးအေးလူလူ နေချင်တာပါ့…
တတ်နိုင်ဘူးလေ….
အပူသည် ဖြစ်နေမှတော့
ပူရတော့မှာပေါ့…။
ကိုယ့်အရောင်တွေ ပိုတောက်လာတာ
ကိုယ်လည်း သတိထားမိတယ်…။
ဘယ့်သူ့ လက်ချက်ဖြစ်ဖြစ်ပေါ့…
တရားခံတွေ့တော့ကော
ဘာများ တတ်နိုင်ဦးမှာလဲ…?

တစ်ခုတော့ရှိတယ်…
အေးဆေးတဲ့ ကိုယ့်ညီဆီ
လူတွေ လာနှောင့်ယှက်တတ်တယ်..
မြေခွာလို ခွာ…
ရေရှာလို ရှာနဲ့….စပ်စပ်စုစုတွေ…
ကိုယ့်ဆီမတော့
အနေပူပေမယ့်
နားအေးပါးအေးရှိတယ်…။

`အို….လူအပေါင်းတို့…
ငြီးမနေကြနဲ့…
တားဆီးလို့မရတာ သေချာရင်
ကိုယ့်ကိုယ်ကိုသာ ကာကွယ်ကြတော့…´


အချို့လူများ ကြံကြံဖန်ဖန်ဗျာ…
`မြို့ဆိုပြီး
ကွန်ကရစ်တောထဲ
လာနေရတယ်´လို့…´
အံ့ရော…အံ့ရော….။

ကိုနော
၅.၆.၂၀၁၀

 အစိမ်းရွက်ကို
အဖြူခြယ်…
အမာ,အပျော့ပစ္စည်းတချို့ပေါင်းစပ်….
တတောက်တောက်နဲ့
ဝါးလို့ ကောင်းသား….၊
ရဲသွေးတော့ နီပါရဲ့…
ရွံ့စရာကောင်းလိုက်တာ…
`ထွီ….´။

တချို့ကျတော့…
အဖြူထည်ကို
အညိုနုရောင် ဆင်မြန်းပေး
အမာထည်တွေ တပ်ဆင်…
အပျော့ထည်တွေ ရိုက်သွင်းထား…
ဝါးကြည့်လိုက်တယ်…
နှစ်လေးဆယ်….၊
ရဲသွေးတော့ နီပါရဲ့…
ရွံ့စရာကောင်းလိုက်တာ…
`ထွီ….´။
ကင်ဆာတောင်ဖြစ်နေလောက်ပြီ...။

ကိုနော
၎.၆.၂၀၁၀


 ရဲမှ နှင်းဆီခေါ်ကြလေမလား…?
မတူနိုင်တာကို နားလည်ပေးပါ…၊
သင်းတို့လိုပါပဲ…..
ရှင်သန်ဖို့
အကြင်နာတွေ မျှော်လင့်ဆဲပါ….။

ကိုယ့်မှာလည်း
အပွင့်ချပ် အစုံအလင်
လက်နက်တွေ တပုံတပင်ပါလေ….၊
အလှအပတော့
ဇာချဲ့ မပြောချင်ဘူး
သင်းတို့ပေးတဲ့ အမှတ်အတိုင်းရှိစေ…..။

ပွင့်မိချေပြီ…..
မပန်ချင်ရင် ခေါင်းတွေရွှေ့ထား….
ဆူးကြောက်ရင် ဒူးထောက်နေကြ….။
ခေတ်ကတောင်းဆိုလာရင်
ကိုယ့်လက်နက်တွေ ဖြုတ်သိမ်းဖို့
ဆွေးနွေးမယ်……။

ကိုနော
၎.၆.၂၀၁၀
မှတ်ချက်.....နှင်းဆီဗေဒ မကျွမ်းကျင်ပါ....အလှနဲ့ဆူးကို တွဲမြင်မိသဖြင့် ရင်ဖွင့်လိုက်တာပါ...သဘာဝနဲ့အံချော်နေပါက တည့်မတ်ပေးကြပါရန်....။

 အလှမ်းမမီတာ
ဝမ်းမနည်းဘူး…
ကိုယ်ကမှ ခြေစစ်ပွဲမအောင်ခဲ့တာ….။
`အားနည်းသူ လမ်းဖယ်စတမ်း´ခေတ်မှာ
မင်းဘက်က မျှတပါတယ်လေ…။

မင်းအချစ်ကို ဆွတ်ခူးမယ့်
အကောင်းဆုံးအသင်းကို အားပေးဖို့
ငါ့လက်တစ်စုံ
တခုပ်တရ ဆေးကြောထားတယ်….။
လုပ်ပွဲတွေ ကင်းရှင်းအောင်တော့
မင်းလေး တာဝန်ယူပေါ့….။

စိုးရိမ်မိတယ်….
ဂုဏ်ယူရုံသက်သက်
မင်းအချစ်တွေ
ဧည့်ခန်းထဲ ပြသခံထားရမှာကို…..။

စိတ်ချ….
နောက်ဘ၀ ကမ္ဘာ့ဖလားမှာ
ကိုယ် ဗိုလ်စွဲရစေ့မယ်…
နောက်ပြီး…
ကိုယ့်ရင်ခွင်ဟာ
ဧည့်ခန်းတစ်ခု မဖြစ်စေရဘူး….။

ကိုနော
၃.၆.၂၀၁၀

 ငါ ရှင်သန်ဆဲ ကမ္ဘာ
ငါ့လက်ရာ မဟုတ်ခဲ့….။

ငါ လျှောက်ခဲ့တဲ့ လမ်း,
စီးတဲ့ ဖိနပ်,
စားသမျှ အစာ
ငါ့လက်ရာ မဟုတ်….။

ငါလွှင့်တဲ့ အလံ,
ငါတိုင်တဲ့ ကြွေးကြော်သံ,
ငါဆိုတဲ့ သီချင်း,
သူများ လက်ရာတွေပေါ့…..။

ငါဖတ်သမျှစာအုပ် 
ငါ စီရင်တာ မဟုတ်….။

အာဂ သူခိုးတစ်ယောက်ပါလား…
သူများ အားထုတ်ထားသမျှ
မသိမသာယူတုန်း….။

ငါ ဘာတွေ လုပ်ခဲ့ပြီလဲ…?
ရှင်သန်ခွင့်ကော ရှိရဲ့လား….?

ကိုနော
၃.၆.၂၀၁၀
(ဗောဓိဆတ်တွ၏ ခတမ် နဟီး ဟိုတီ ဗာတ် ကဗျာပေါင်းချုပ်မှ ကျိုးရ် ကို ပြန်ဆိုပါသည်။)



 လူကို ယုံလို့ ဟုတ်ဘူး
ဆေးကို ယုံလို့ လာခဲ့တာ....
ငှက်ဖျားဖြစ်ဖြစ်....ဆင်ဖျားဖြစ်ဖြစ်
အပြတ်ရှင်းပေးရမှာပေါ့....။

ခြေချော် လက်ချော်ဖြစ်ခဲ့ ရင်
ဘယ်သူ့ တာဝန်လဲ....?
ငါ့ ကံကြမ္မာလား
ဆေးလား
ဆရာဝန်လား
ငွေလား
တစ်ခုခုကြောင့်ဖြစ်မှာပေါ့...။

အေး...အခုတော့...
အေးဆေးပဲလေ....
ဗာရာဏသီ ပုံနားများအတွက် 
သတင်း မထူးသေးဘူး...

ဟဲလို.....
ကိုနော....ပါ
အပိုမပြောဘူး
အားလုံး ပုံမှန်အတိုင်းပါ...
ဦးနှောက်ထဲ ပိုးဝင်သွားတာက လွဲလို့ပေါ့....။

ကိုနော
၂၉.၅.၂၀၁၀








 မင်းလေးက
ကိုယ့်အိပ်မက်ပါကွယ်…
ကိုယ့်ဆီမလာချင်ပါနဲ့
မခေါ်ရက်ဘူး…။

ဆက်ပျံလိုက်ပါ…
သင့်တော်ရာ သွား
အမြင့်ပေါ်မှာ နားပါ….၊
ကိုယ့်အရိပ် ၀င်မခိုပါနဲ့
ခရီးဖင့်သွားလိမ့်မယ်….။

ဆက်ပျံလိုက်ပါ….
ဟော…ဟိုမှာ တောအုပ်….
အပင်တိုင်း ကြိုနေလိမ့်မယ်….နော့
နေပူလည်း ခဏပါကွယ့်….။

ဒီအပင်က
အရိပ်လှပေမယ့်
စိတ်မချရဘူး ကလေးရယ်…။
 
ကိုနော
၁၂.၅.၂၀၁၀ 
၁။ ၀ုန်း….ဖုန်း…..ဒိုင်း….ဗြန်း….
၂။ ဝေါ….ဝေါ….ရှလော…ဟော…ဗြော….
၃။ ဂြီး…ဂီြး…ဂီး…ဟီး…ဟီး…..
၄။ ၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀..။
အဖွင့်….၁-သည် ကိုနောအသည်းပေါက်ကွဲသံဖြစ်၍….၂-ကား မျက်ရည်ကျသံဖြစ်သည်။
၃-မှာ ငိုသံဖြစ်ပြီး….၄-ကား ဇီးရိုးမဟုတ် ၀လုံးများဖြစ်သည်။

 
MA,PHC Konaw
M…အမ်…မြန်မာပြည်အခြေအနေကလည်း ဘာကြီးတုန်း ဟ…
A…အေ….ကြည့်လုပ်ကြရသေးတာပါ့….။
P….ပီ ပီပြင်ပြင် မလုပ်နိုင်ကြသရွေ့
H…HIV ပိုးလို ဒုက္ခပေးနေဦးမှာ....
C….စီ ကာပတ်ကုံး မပြောတတ်ဘူးလေ…၊
Konaw….ကိုနောတို့ ထမင်းမ၀နိုင်သေးဘူး….။   
 
ကဗျာ၏ အစစာလုံးများကို အောက်သို့တန်းစီဖတ်လိုက်လျှင် M A P H C Konaw ဟု ဖြစ်သည်။ 
M A P H C Konaw၏အနက်မှာ….မင်း အလှည့် ပဲ ဟင်း ချက် ကိုနော ဖြစ်သည်။
 
ကိုနော
၁၂.၅.၂၀၁၀

 အမေ ညှစ်အားကောင်းလို့
လူဖြစ်ခဲ့ရသူပါ….။

ကလေးဘဝ
မုန့်မ၀ခဲ့…
မျက်လုံးတွေ ရေမကူးတဲ့နေ့ မရှိခဲ့ဘူး….။

လူငယ်ဘ၀….
စာမတော်ခဲ့….
ကျောင်းတက်လည်းမမှန်
နောက်စာလည်းပြန်မအံမိ….။

လူရွယ်ဘ၀…
ရည်းစား မလှ….
နှုတ်က ပွသေး
စိတ်ကညစ်ထေး…
တေးတစ်ပုဒ်မှ မသီခဲ့ရ…။

လူလတ်ဘ၀….
စီးပွားမဖြောင့်
မီးပွားလောက်မှ မတောက်ခဲ့….
ခရီးသွားတော့လည်း နောက်ကပဲဗျာ….။

လူကြီးဘ၀…..
သားသမီးမကောင်း
ဗိုက်ဟောင်းလောင်း
တော်ရာပဲ အောင်းနေခဲ့ရ…..၊

လူအိုဘ၀….
ဆေးနဲ့ဝေး….
ကျောင်းနဲ့ဝေး…
ဘုရားနဲ့ဝေး….
တရားနဲ့ဝေး…
ဝေး….ဝေး…..ဝေး…...၊
အခုထိ…..ဂျိုကာတစ်ကောင်မှ မတက်သေးပါလားကွယ်…။

ကိုနော
၁၁.၅.၂၀၁၀

မေတ္တာလက်ဆောင်......
ကီဠတိ….(ခေဠတိ)….ကစား၏။
ကီဠာပတ္တာဝလီ(ဣတ္ထိလိင်)…..ဖဲချပ်
 
ဟာသကာရက(ပုံလိင်)....ဂျိုကာ
ကီဠာပတ္တာဝလိယာ ကီဠတိ…(ကီဠာပတ္တာဝလိံ ကရောတိ)….ဖဲကစား၏။ ဖဲရိုက်၏။
 ဟာသကာရကော အာဂစ္ဆတိ…ဂျိုကာတက်၏။


 ကိုယ်တိုင်ရေး ၀တ္ထုပါ…
ပြန်ဖတ်နေတာ တစ်ဝက်ကျိုးပြီ….။
အရသာမရှိလိုက်လေခြင်းကွယ်….၊
ဆိုးလိုက်တဲ့ဝတ္ထု….
အဲ….မကောင်းလိုက်တဲ့ဝတ္ထုဆိုရင် ပိုမှန်မယ်….။

ဇာတ်အိမ်….
ဇာတ်ကွက်….
အသေးစိတ်ဇာတ်ဝင်ခန်း….
စကားအသုံးအနှုံး…သီချင်း….
သရုပ်ဆောင်များ….
အဆိုးဆုံးက….မင်းသမီး….
ကိုယ့်စိတ်ကြိုက် တစ်ခုမှမပါ….။

ဘိုထိုင်အဆင်ပြေရင်
အသေးစိတ်ဖတ်ဖို့ စိတ်ကူးရှိပါရဲ့…..။
လက်ကျန်ဇာတ်လမ်းအကျဉ်း…
အို….
နာ….
သေ……။
(မှတ်ချက်….အေးဆေး)

ကိုနော
၁၁.၅.၂၀၁၀

 ဘာကြောင့်ပဲဖြစ်ဖြစ်
ဒီလောက်လျှောက်ခဲ့ပြီးမှတော့
နောက်ပြန်မလှည့်သင့်တော့ဘူး…..၊
 
ဝေးသေးလား…?
ဆက်လျှောက်တယ်ပဲ ထားပါတော့…..
ပန်းတိုင်ကို သွားရမှာလား….?
သွားနေတာက ပန်းတိုင်လား….?
လက်ထောက်ဗေဒင်လေးတော့ကြည့်သင့်နေပြီ…။

ဒါနဲ့……
ငါ့ခရီးက….
ပြန်လှည့်နေတာလား…..?
ပြန်လည်နေတာလား….?
ကိုယ့်ကိုယ်ကို စောင့်ကြည့်ဖို့
လူတစ်ယောက်ငှားရဦးမယ်လေ…။
 
(အဓိပ္ပါယ်တူ သူငယ်ချင်းများ ဂုဏ်ပြုပွဲ၌ ရွတ်ဖတ်ရန်ရည်ရွယ်၍ ရေးသားပါသည်။)

ကိုနော
၁၁.၅.၂၀၁၀

 ကောင်းကင်ကို မော့ကြည့်မိတယ်…
`ငါ တစ်ယောက်တည်းမဟုတ်ဘူး´ဆိုတဲ့ အသိကလွဲပြီး
ဘာမှ ထွက်ကျမလာ…။
ကောင်းကင်ကို မော့ကြည့်မိတယ်…။
 
ရွှေမြန်မာများ…အသေအချာမှားဆဲ
အဆင်မပြေသေး…..
ကောင်းကင်ကို မော့ကြည့်မိတယ်…။
 
အဆင်ပြေအောင်လုပ်မယ့်လူများ
အဆင်မပြေသေး…..
ကောင်းကင်ကို မော့ကြည့်မိတယ်…။
 
အဆင်ပြေအောင်လုပ်မယ့်လူများကို
အဆင်မပြေအောင်လုပ်နေသူများ
အဆင်မပြေသေး….
ကောင်းကင်ကို မော့ကြည့်မိတယ်…။
 
အဆင်မပြေသူများအကြောင်းပြောနေတဲ့ ကိုနော
အဆင်မပြေသေး…..
ကောင်းကင်ကို မော့ကြည့်မိတယ်…။
 
ကောင်း ကင် ကို မော့….
`ပွဲပြီးမှ သိရမယ့် အဖြေမျိုး ကျမလာပါစေနဲ့….´
ကောင်း ကင် ကို မော့ ကြည့် မိ တယ်…။

ကိုနော
၁၀.၅.၂၀၁၀
 
(မှတ်ချက်…ကဗျာဆရာကောင်းကင်ကိုကတော့ မော့မယ်မထင်ဘူး)




ဆုဓာမိုက် တစ်ခါတစ်ခါတွေးမိသည်။
`ဘာကြောင့် မယမန်ဆင်းကို စွန့်ခဲ့ရသလဲ…အိမ်သံယောဇဉ်က ဘာကြောင့်နှိပ်စက်နေသလဲ.....?
မာယာပြဿနာလား…ဒါ လည်းဖြစ်နိုင်တယ်…ဒီပြန်ပေးဆွဲတဲ့ကိစ္စက ဟိန္ဒူရော,မူစလင်ရောခံနေကြရတာပဲ၊
ဘာလဲ…ကိုယ့်အိမ်ကလုံခြုံမှုမရှိဘူးလို့ခံစားနေရတာလား…?´ကိုယ့်ဘာသာမေးခွန်းတွေထုတ်ကြည့်နေသည်။

သံသီးဗဂျားရှိ အိမ်သေးသေးတွင်း လှဲရင်းလျှောက်တွေးနေသည်။
`ဘာကြောင့် ကိုယ်ပိုင်အိမ်ကို စွန့်ပြီးတစ်စိမ်းရပ်ကွက်မှာ လာနေရတာလဲ…သူတို့ကို ရှောင်တာလား..
မြေကိစ္စမှာ ဘာကြောင့် ရှုံးမယ်လို့ထင်နေတာလဲ..ဟိုသူဋ္ဌေးက မတရားနဲ့တရားဆင်တာနဲ့ပဲ ရှုံးသွားမှာလား
…ကိုယ်ပိုင်အိမ်…ကိုယ့်အိမ်ကိုယ် တရားစွဲခံရပြီးရှုံးမှာထက် အချိန်ရှိတုန်းသိက္ခာရှိရှိထွက်သွားတာက ပို
ကောင်းတယ်…´
တစ်ဝမ်းကွဲအစ်ကိုတစ်ယောက်လည်း ဒီလိုပဲ ကိုယ့်အိမ်ကိုယ်လက်လွှတ်လိုက်ရတာကို ဆုဓာမိုက်တွေ့ဖူး
သည်။တန်ဂါအီးလ်ရှိ အာကူးရ်ဌာကူးရ်က အိမ်ဖြစ်သည်။ဘေးအိမ်က ဇမီးမုံရှီက မြေလုဖို့ကြိုးစားသည်။
တရားဆိုင်ကြရသည်။ငါးနှစ်ကြာပြီးနောက် ဇမီးမုံရှီ အနိုင်ရသွားသည်။အဲဒီနောက်..အစ်ကိုလည်း အိန္ဒိယ
ထွက်သွားသည်။အစ်ကိုလိုမဖြစ်ရလေအောင် ဘိုးဘွားပိုင်မြေကို ခပ်သွက်သွက်ရောင်းခဲ့ရသည်။သူလည်း
အိန္ဒိယထွက်သွားမယ်ဆိုရင် အခက်အခဲမရှိလှ…အရင်လိုလည်းဂုဏ်သိက္ခာမရှိတော့…မိတ်ဆွေတွေလည်း
လျော့လာသည်…ဟိန္ဒူမိသားစုများသည် အခွင့်အရေးရရင်ရသလို အိန္ဒိယကိုထွက်ခွာနေကြသည်…
တချို့လည်းဆုံးပါးကုန်ပြီ…ကျန်နေတဲ့သူတွေမှာလည်း အနာဂတ်မျှော်လင့်ချက် ဘာမှ ရေရေရာရာမရှိကြ…
မကောင်းဆိုးဝါးတွေက ဘယ်ချိန် လာနှောင့်ယှက်ကြမလဲဆိုတာပဲ အမြဲပူနေကြရသည်..။
 
အားလုံး၏အိပ်မက်သည် အိန္ဒိယဖြစ်သည်။အားလုံးသည် လျှို့ဝှက်နည်းလမ်းများဖြင့် နယ်စပ်ကိုကျော်ဖြတ်ဖို့
အသင့်ပြင်နေကြသည်။ဆုဓာမိုက်ကတစ်ခါတစ်ခါပြောမိသည်။
`ဒီနိုင်ငံမှာ စစ်ဖြစ်တုန်းက ကြောက်လို့ အိန္ဒိယထွက်သွားကြတယ်…လွတ်လပ်ရေးရတော့ သတ္တိရှိသလိုလို
ပြန်လာကြတယ်….ပြောလိုက်ရင် အိန္ဒိယအကြောင်းပဲ…၊´
အဲဒီစကားတွေက သူ့ကို ဒုက္ခပေးတော့သည်။အားလုံးနဲ့ ကန့်လန့်ဖြစ်လာသည်။ဟိန္ဒူမိတ်ဆွေများရော,
မူစလင်မိတ်ဆွေများပါ တဖြေးဖြေးနှင့် ဆုဓာမိုက်ကိုခွာလာကြသည်။ပွင့်ပွင့်လင်းလင်းမပြောမဆိုကြတော့…။
သူတို့အိမ်တွေ ရောက်သွားရင်တော့ ပြောဆိုကြသည်။
`ဆုဓာမိုက် ဧည့်ခန်းထဲ ထိုင်ဦးနော်….ကျုပ် ဘုရားဝတ်ပြုလိုက်ဦးမယ်…´
`ဒီနေ့ မင်းရောက်လာတယ်ဆိုတော့ အိမ်တော့ကျက်သရေရှိသွားပြီဟေ့´စသဖြင့်…။
ဆုဓာမိုက် အဖော်မဲ့လာသည်။ကိုယ့်မြို့အပေါ် အမှတ်ရမှု,စိုးရိမ်းမှု,အာရုံစိုက်မှုများကသူ့ကိုနှိပ်စက်နေသည်။
ထိုကြောင့် ထွက်သွားချင်သည်။နိုင်ငံကိုတော့မစွန့်ချင်….အိပ်မက်မြို့လေးကို စွန့်ချင်လာသည်။ဒီအတွက်မရှူ
နိုင်မကယ်နိုင်ဖြစ်ခဲ့ရသည်။
ဆုဓာမိုက် ဒါကာရောက်စ…...
ခိုသိုက်လို အခန်းကျဉ်းကျဉ်းလေးထဲမှာနေရတာကို စိတ်ပျက်မိသည်။နောက်တော့လည်း အလေ့အကျင့်ဖြစ်
သွားသည်။တက္ကသိုလ်၌ အလုပ်ရသည်။မိတ်ဆွေအသစ်တွေတိုးပြီး အသားကျလာသည်။နိုင်ငံရေးထဲလည်း
ပါလာသည်။အစည်းအဝေးများ,ဆန္ဒပြပွဲများတွင်ဖိတ်ကြားခံရသည်။အဲဒါတွေကို ကိရန်းမယီက သဘောမကျ
ချေ။အစကတည်းက တားမြစ်လာသည်၊အခုလည်းအားမပေး…။
ကိရန်းမယီကတော့ ကိုယ်တိုင်စိုက်ပျိုးထားသောခြံကလေးနှင့်သစ်ပင်ဝါးပင်များအကြောင်းတွေးပြီးမျက်ရည်
ကျနေသည်။
`စိုက်ထားတဲ့ပဲပင်တွေအခုဘယ်လိုဖြစ်နေပြီ….မာလကာပင်….ဒီလောက်ကြီးတဲ့အသီးမျိုး ရပ်ကွက်ထဲ ဘယ့်
သူ့အပင်မှ သီးတာ မဟုတ်ဘူး….အုန်းပင်ခြေမှာ လူတွေဆားရေလောင်းပေးပါ့မလား…´
အဲဒါတွေကိုပဲတွေးပြီး စိတ်ဆင်းရဲနေသည်..။
ဆုဓာမိုက်ကကော…….?
ကိုနော
၁၀.၅.၂၀၁၀




ယခုလသည် မေလဖြစ်သည်။ ရှင်းလှပေစွ…..။
မေဟုပြောလျှင် ကုလားအများစုက နားမလည်ချေ…။မာအီးဟုပြောမှ နားလည်ကြသည်။ကုလားလူမျိုးသည်
အစပ်ကြိုက်သည်အားလျော်စွာ လျှာသွက်လှပေသည်။ သရ,ဗျည်းရှိသမျှ အသံလိုက်ထွက်သည်။
မာအီးဖြစ်ပုံကား ဤသို့တည်း..။

မေလသည် အင်္ဂလိပ်နာမည် MAYဖြစ်သည်။MAသည် မာ ဖြစ်ပြီး Yသည် ယ ဖြစ်သည်။ ယသည် ဣ...အိ
(သို့မဟုတ်)ဤ...အီမှ လာသည်။ဣ= ဤ= ယသည် အတူတူဖြစ်သည်။သို့ဖြစ်၍ သဒ္ဒါဆရာအရှင်မဟာ
ကစ္စည်းမထေရ်မြတ်က ဣ၀ဏ္ဏော ယံ န၀ါ…ဈလာန မိယုဝါ သရေ၀ါ စသောကီးများကို ကလေးများအတွက်
သတ်မှတ်ပေးထားခဲ့သည်။ထိုကီးများကိုပင် စာအထင်ဖြင့် အမိရွှေပြည်ကြီးမှ ပါဠိပညာရှင်ကြီးများက တသ
သနှင့် ရွှေချကောင်းတုန်းရှိနေသေးသည်။ ဘယ့်နှာပြုကြလေကုန်ရာအံ့….။
အခြားခြားသော အသံပြောင်းပုံပြောင်းနည်းအထွေထွေကိုတော့ အသံပြောင်းတမ်းကစားနည်း၌ ၀ါသနာထုံ
လှသော ဆရာတော်ကြီးဓမ္မဂင်္ဂါအား မေးမြန်းလျှောက်ထားကြလေကုန်ရာသော်…..။
 
ကဲ…မပြောဘူးလား….သံဃာတော်များအတွက်သာလို့……၊လူပုဂ္ဂိုလ်များ ဘယ်..နားလည်လိမ့်မတုန်းဗျ…။
 
`ကျေးဇူးသခင်, ထေရ်အရှင်, ဓာတ်ပုံမြင်ရင် ကန်တော့ပါ၏´
`ပရီးမီးယား, နောက်ဆုံးဖလား, အားရ ပါးရ ကြည့်သင့်၏။´
 
ကိုနော
၉.၅.၂၀၁၀







ယခုနှစ်သည် မြန်မာ့ပြက္ခဒိန်အရ ၀ါထပ်နှစ်ဖြစ်၍ ၀ါဆိုလနှစ်လရှိပေမည်။ဒုတိယ၀ါဆိုလ၌ ရဟန်းတော်များ
ဝါကပ်ကြရပေမည်။ဒုတိယ၀ါဆိုလနှင့်ဒုတိယ၀ါကပ်ခြင်းကို မြန်မာများမကွဲပြားကြချေ။နီးစပ်ရာသံဃာတော်
များကို လျှောက်ထားစုံစမ်းထားသင့်ပေသည်။
ကုလားပြက္ခဒိန်အရ ယခုနှစ်သည် ဆုန်ထပ်နှစ်ဖြစ်၍ ကဆုန်နှစ်လရှိနေသည်။သို့ဖြစ်၍ ကုလားများသည်
လာမည့် မေလ(၂၇/၂၈)ရက်များ၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ပွဲတော်ကျင်းပကြပေလိမ့်မည်။

ရှင်းပါအံ့….(အဟမ်း….အဟမ်း)
ရာသီခွင်ဖြင့်လည်ပတ်သောကုလားရိုးရာပြက္ခဒိန်နှင့် ကုလားစော်နံသောမြန်မာ့ရိုးရာပြက္ခဒိန်များအရ(၃)နှစ်
လျှင်တစ်ကြိမ်,တစ်လတိုးပေးရလေ့ရှိသည်။အတိုးပေးရသောလကို မြန်မာ့ပြက္ခဒိန်က ၀ါဆိုလဟု ပုံသေသတ်
မှတ်ထားသဖြင့် (၃)နှစ်လျှင် တစ်ကြိမ်ဝါထပ်ရတော့သည်။
ကုလားပြက္ခဒိန်အရကတော့ အတိုးပေးရသောလကို သတ်မှတ်မထားချေ။ ဘယ်လမဆိုဖြစ်နိုင်သည်။
တိုးလာသောလသည်ထူးခြားမှုရှိသည်။မြင့်မြတ်သည်။ထိုလကိုအဓိမာသ,အဓိကမာသ,မလမာသ,ပုရုရှောက်
တမ်ဟုခေါ်သည်။ယခုနှစ်တွင် ကဆုန်လတိုးလာသည်။နောင်လာမည့်သုံးနှစ်မြောက်၌တိုးလာမည့်လကိုမသိ
ရသေးချေ။
ရွှေမြန်မာများကတော့ ၀ါထပ်ခြင်းကို ဘုရားဟောကျမ်းဂန်နှင့်ညီသယောင် ဘ၀င်မြင့်နေတတ်သည်။
မဟာဝါပါဠိတော်၌လာသောဝါငင်ခြင်းနှင့် လတိုးခြင်းတို့မှာ သီးခြားစီသာဖြစ်ပေလိမ့်မည်။
ရှင်တော်ဗုဒ္ဓသည် ကုလားပြည်၌ မွေး, ကြီးပျင်း, ဘုရားဖြစ်,တရားဟော,အဖွဲ့အစည်းထူထောင်,ပရိနိဗ္ဗာန်ပြု
သွားသော ကုလားဖြစ်ကြောင်းကိုလည်း မမေ့အပ်ပေ….။
 
(သံဃာတော်များသာ(လုံးဝ…လုံး….၀..သံဃာတော်များ)သီးသန့်ဖတ်ရန် ပို့စ်တစ်ခုစီစဉ်နေပါကြောင်းအသိ
ပေးအပ်ပါသည်…ဒါယကာ..ဒါယိကာမအပေါင်း..သူတော်ကောင်းတို့…ရူး..တိုး..တိုး…။)

ကိုနော
၈.၅.၂၀၁၀












 

 စိတ်ညစ်နေသူဟာ ကဗျာမရေးနိုင်ဘူး….၊
စိတ်ညစ်နေသူဟာ အတော်များများ လုပ်တတ်တယ်
ပျက်လုံးထုတ်ခြင်းအစ…..အဆိပ်သောက်ခြင်းအဆုံး….၊
ဒါပေသိ….ကဗျာမရေးနိုင်ဘူး…..။

စိတ်ညစ်နေသူဟာ နေ့ခင်းမှာငိုဖို့ အမှောင်ရှာတတ်တယ်…
အသက်လေးဆယ်ပြည့်နေတာတောင်မှ
လုံခြုံတဲ့နေရာတစ်ခုခု ရှာနေတတ်တယ်
အမေ့ရင်ခွင်လိုဟာမျိုး…..။

စိတ်ညစ်နေသူဟာ တောင်တောင်ဤဤ ကြံတတ်တယ်
သိပ်နက်တဲ့ရေအိုင်လို…..မြို့ထဲက အမြင့်ဆုံးတိုက်ရဲ့အခန်းတွေလိုမျိုးကို…၊
ပြီးတော့…..ပြီးတော့….
တိတ်တဆိတ် အော်ဟစ်နေတတ်တယ်
`အချစ်ဆုံးရေ….
မြစ်ပေါ်မှာ ဆည်တစ်ခု အခိုင်အမာ တည်ဆောက်သွားမယ်…
အထပ်မြင့်တိုက်ပေါ်တက်တဲ့ ဓာတ်လှေကားကို ရပ်ပစ်မယ်…
ဒါပေသိ…..အချစ်ဆုံးကတော့
သစ်ပင်ပေါ့ကွယ်…..အရိပ်ပေးတယ်လေ…၊
လေနဲ့ယုယနိုင်တယ်….
ဆည်မဆောက်နိုင်ဘူး…..။´

စိတ်ညစ်နေသူဟာ ကိုယ့်ကိုယ်ကို ဆည်အဖြစ်တည်ဆောက်နိုင်တယ်…
ခိုင်ခံ့မှုရှိချင်ရှိမယ်….အားပျော့ချင်ပျော့မယ်…..၊
ဒါပေသိ……ကဗျာမရေးနိုင်ဘူး…..။
 
ကိုနော
၇.၅.၂၀၁၀
(က၀ိတာအဂ်ျကလ်မှ ကူးမားရ်ဝိကလ်၏ ဒုခီ ဒီးနိုး မေ ကို ပြန်ဆိုပါသည်)

 ပြေးရင်းလွှားရင်း
ငါတို့ ပစ်ချလိုက်ကြတယ်…
အဆင့်မြင့်အတွေးအခေါ်တွေ
ခံစားချက်တွေ…..။
သေချာပါတယ်….
အထီးတည်းဖြစ်သွားကြပြီ……။

ငါတို့ကို အချစ်တွေထဲမှာ သော့ခတ်…
ဆရာအဖြစ်နဲ့ပဲ အသက်မွေးနေကြ….။

လိုဏ်ခေါင်းအကွေ့အပေါ်က
ဘူတာရုံအောက် ပြေးလွှားရင်း
ဂျိုးဂျိုးဂျက်ဂျက် အင်ဂျင်ကတော့ အဆင်သင့်…။

ပြီးတော့….
ခရီးအကွာအဝေး မှတ်သားဖို့
ငါတို့ ရပ်တန့်လိုက်တယ်……
ပြေးလွှားနေတဲ့ အချိန်တွေကို
နောက်ပြန်လှည့်ရင်း……။
 
ကိုနော
၆.၅.၂၀၁၀
(က၀ိတာအဂ်ျကလ်မှ မိုဟန်ရာနား၏ ဒေါင်ရတေး ဟုယေးကို ပြန်ဆိုပါသည်။)

ဆုရန်ဂျန် ၀ရန်တာမှ နေပူထဲစိုက်ကြည့်နေသည်။ရုတ်တရက်ချီတက်လာသော လူအုပ်ကြီး၏အသံကြောင့်
ပျာထွက်သွားသည်။လူအုပ်ကြီး၏ကြွေးကြော်သံမှာ မသဲမကွဲဖြစ်နေသည်။ဆုဓာမိုက်နှင့် ကိရန်းမယီတို့လည်း
နားစွင့်နေကြသည်။ကိရန်းမယီ ပြတင်းပေါက်များထပိတ်လိုက်သည်။ပြတင်းပေါက်များပိတ်လိုက်သည့်အချိန်
တွင်အိမ်ရှေ့မှလူအုပ်ကြီးဖြတ်သွားသည်။လူအုပ်ကြီး၏ကြွေးကြော်သံကိုရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
`ဟိန္ဒူတွေကို ကြိုးနဲ့တုပ်….မနက် ညစာ စွပ်ပြုတ်လုပ်´…..။
 
ဆုဓာမိုက်ကြောက်နေသည်ကို သတိထားမိသည်။ကိရန်းမယီပြတင်းပေါက်မှီ၍ ကျောက်ရုပ်လိုရပ်နေသည်။
ဆုရန်ဂျန်အမှတ်ရနေသေးသည်။(၉၀)ပြည့်နှစ်တုန်းကလည်း ဤကြွေးကြော်သံကိုပင် အော်ဟစ်ခဲ့ကြသည်။
ဟိန္ဒူများကိုကိုက်စားချင်နေကြသည်။ဤအချိန်တွင်ဆုရန်ဂျန်ကိုတွေ့က၀ါးစားပစ်ကြပါလိမ့်မည်။
ဘယ်သူတွေက၀ါးစားမှာပါလိမ့်….?
ရပ်ကွက်ထဲကကောင်လေးတွေပဲ….။
ဂျဗ်ဗား,ရမ်ဂျန်း,အာလမ်ဂီးရ်,ကဗီးရ်,အဗေဒီးတို့လူစုပါပဲ…။
ဒီလူတွေဟာ သူငယ်ချင်းလို,ညီအစ်ကိုလိုနေကြပြီး မနက်,ညနေ စကားစမြည်ပြောနေကြ,ရပ်ကွက်၏
ပြဿနာများကိုတိုင်ပင်ဖြေရှင်းနေကြလူတွေပဲ…။
ဒီလူတွေဟာ ဒီဇင်ဘာ(၇)ရက်,ဆောင်းရဲ့မနက်ခင်းမှာ ဆုရန်ဂျန် ကိုကိုက်စားကြလိမ့်မည်။

ဆုဓာမိုက် ဒါကာလာပြီး သံသီးဗဂျားရှိ ၀မ်းကွဲအစ်ကိုအဆိရန်ဂျန်အိမ်တွင်နေသည်။သူတို့ကပဲ အိမ်သေး
သေးလေးတစ်လုံး ငှားပေးသည်။အဆိရန်ဂျန်ကမေးသည်။
`ဆုဓာမိုက်….မင်းဂုဏ်ဒြပ်နဲ့အိမ်ငှားနဲ့နေလို့ဖြစ်ပါ့မလား´တဲ့…။
`ဘာလို့မဖြစ်ရမှာလဲ…?သူများလည်း ဒီလိုပဲနေနေကြတာပဲ မဟုတ်လား….?´…။
`နေကြပါတယ်….ဒါပေမယ့်...မင်းကမွေးကတည်းက ဆင်းရဲဖူးတာ မဟုတ်ဘူး…ကိုယ်ပိုင်အိမ်ကိုဘာကြောင့်
ရောင်းလိုက်တာလဲ…?မာယာကလည်း ငယ်တော့တာမဟုတ်ဘူး…ငါကတော့ ဥတ်ပယ်ကို ကာလကတ္တား
ပို့ထားလိုက်တယ်….ကောလိပ်လည်း မတက်တော့ဘူးလေ…ရပ်ကွက်ထဲက ကောင်တွေက ပြန်ပေးဆွဲမယ်
လို့ခြိမ်းခြောက်ထားတယ်…ငါလည်းကြောက်တာနဲ့ပို့ထားလိုက်ရတယ်….အခုတီးလ်ဂျလာ(ကာလကတ္တားရှိ
ရပ်ကွက်တစ်ခု၏နာမည်)က ဦးလေးအိမ်မှာ…မိန်းကလေးတွေ အရွယ်ရောက်လာရင် သိပ်စိတ်ပူရတယ်
ကိုယ့်လူရေ…´
`ဟုတ်တာပေါ့…စိတ်ပူရပြီလားဗျာ´
အဆိရန်ဂျန်၏စကားကိုထောက်ခံလိုက်ပြီးအတွေးကတစ်နေရာရောက်သွားသည်။
`မူစလင်မိန်းကလေးများလည်း အရွယ်ရောက်လာရင်စိတ်ပူရတာပါပဲ…သူ့ကျောင်းသူလေးတစ်ယောက်ကို
ကောင်လေးတစ်စုက ဆာရီဆွဲချွတ်ကြသည်…၊ဒါ..ဟိန္ဒူကောင်မလေးမဟုတ်ဘူး…မူစလင်ပဲ…၊ကောင်လေး
တွေကလည်း မူစလင်တွေပဲ…၊တကယ်ကတော့ ဟိန္ဒူရယ်,မူစလင်ရယ်မဟုတ်ပါဘူး…အားနည်းသူကို အားရှိ
သူက အခွင့်အရေးရလို့ အနိုင်ကျင့်တာပါ…မိန်းကလေးကအားနွဲ့တော့ အားရှိတဲ့ယောင်္ကျားသားတွေက
အနိုင်ကျင့်တာပါ…´။
 
အဆိရန်ဂျန်က သူ့သမီးနှစ်ယောက်ကို ကာလကတ္တားပို့ထားသည်။ကြိုးစားပန်းစားပိုက်ဆံရှာသည်၊
အစ္စလာမ်ပူရ်၌ရွှေဆိုင်ရှိသည်။ကိုယ်ပိုင်နှစ်ထပ်အိမ်တစ်လုံးရှိသည်။အဲဒီအိမ်ကို ကောင်းကောင်းမပြုပြင်….
အိမ်အသစ်လည်းဆောက်ဖို့စိတ်ကူးမရှိ….။
တစ်နေ့ဆုဓာမိုက်ကိုပြောသည်။
`ကိုယ့်လူ…ငွေကြေးအကုန်အကျမခံနဲ့…စုထား…ဖြစ်နိုင်ရင် အိမ်ရောင်းထားတဲ့ငွေကို ဟိုက အမျိုးတွေဆီပို့
ထား…သူတို့ကို မြေဘာညာ ၀ယ်ခိုင်းထားဗျ…´။
`ဘာကိုဆိုလိုတာလဲ…၊´
`ကာလကတ္တားမှာလေ….ကိုယ်ကတော့ဝယ်ထားလိုက်ပြီ´
အဆိရန်ဂျန်ကတိုးတိုးလေးပြောသည်။
ဆုဓာမိုက်ကအော်ကြီးဟစ်ကျယ်ပြန်ပြောသည်။
`ဒီကရတဲ့ ငွေကို ဟိုမှာ သုံးတယ်…ဟုတ်လား….ခင်ဗျားကို နိုင်ငံ့သစ္စာဖောက်လို့ပြောလို့ရတယ်..´
ဆုဓာမိုက်စကားကို ကြားရတော့ အဆိရန်ဂျန်အံ့သြသွားသည်။ဘယ်ဟိန္ဒူမှ ဒီစကားမျိုးပြောတာ မကြားဖူး
ဘူး…ဒီလိုပဲ ငွေကို ဒီမှာမသုံးဘဲ ဟိုမှာပဲ စုနေကြတာ…ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက ဘယ်တော့ဘာဖြစ်
မယ်…ကိုယ်စုထားတာတွေကို ဘယ်ချိန်မှာ အမြစ်ပါမကျန် လာဆွဲနှုတ်ပစ်ကြမယ်ဆိုတာ ဘယ်သူမှ မပြော
နိုင်ဘူး…´။




ငါဟာ လူသားဖြစ်လေတော့
တစ်ခါတစ်ခါ
ငှက်တစ်ကောင်ဖြစ်ချင်မိတယ်…။

ငါဟာ လူသားဖြစ်လေတော့
တစ်ခါတစ်ခါ
အလိုဆန္ဒတွေ ဖြည့်ချင်မိတယ်….၊

တွေးနေမိတယ်…
ငှက်တွေမှာလည်း
အလိုဆန္ဒတွေရှိမယ်…
ပြည့်ချင်မှလည်း ပြည့်ကြမယ်….။
ဆန္ဒ မပြည့်ဘဲ သေလို့
နတ်ပြည်ရောက်ပါပြီတဲ့
အဲဒီမှာ ငှက်ထပ်ဖြစ်ဦးမလား…?

ငါဟာ လူသားဖြစ်လေတော့
အလိုဆန္ဒတွေရှိနေတယ်…..၊
ဆန္ဒတွေအားလုံး မဖြည့်ချင်ဘူး…
ငှက်ဖြစ်ချင်တဲ့ ဆန္ဒမျိုးတွေကိုပေါ့….။
ငှက်သေခြင်းကို ငါ တွေ့တယ်
ငါ့သေခြင်းကို ငါ တွေ့တယ်….။

ကိုနော
၅.၅.၂၀၁၀
(က၀ိတာအဂ်ျကလ်မှ ဗိရှနူးနာဂါးရ်၏ ကျိရိယာ ဟိုနေး ကီ ဣတ်ချာကို ပြန်ဆိုပါသည်။)



(၁) ဖျင်းညံ့သဘော,စိတ်ဓာတ်ဟော၏,စိတ်ဓာတ်မြှင့်တင်,ဖျင်းညံ့စင်၏..၊စိတ်ဓာတ်လွင့်စင်,ဖျင်းညံ့ဝင်၏…။
 

(၂) အားနေသောဦးနှောက်သည် မာရ်နတ်၏အလုပ်ရုံဖြစ်သည်။
 

(၃) တစ်ယောက်ထံ၌တပည့်ခံခြင်းသည် တစ်ရာကို ဆရာလုပ်ရန်ဖြစ်သည်။
 

(၄) ထိုးစစ်ကို ထိုးစစ်ဖြင့်ချေမှုန်းရမည်။
 

(၅) ကြေကွဲမှုကို အားအဖြစ် ပြောင်းလဲတတ်ပါစေ…။
 

(၆) ဘာမျှမရှိသောအိုးခွက်များသည် ပို၍အသံမြည်တတ်သည်။
 

(၇) မလုပ်သင့်သည်ကို လုပ်မိပါက မခံစားသင့်သည်ကို ခံစားရပေမည်။
 

(၈) ပရမ်းပတာလူငယ်ဘ၀သည် ကြေကွဲဖွယ် သက်ကြီးရွယ်အိုဘ၀ကိုဖြစ်စေ၏။
 

(၉) ပူဆွေးခြင်းကို ကုသနိုင်သောအရာကား လှုပ်ရှားမှုဖြစ်သည်။
 

(၁၀) ပါးစပ်နှင့်ပိုက်ဆံအိတ်ကို သတိဖြင့်ဖွင့်ပါ။
 

(၁၁) အချစ်တိုးလေလေ ဆင်ခြင်တုံ လျော့လေလေ။
 

(၁၂) ကျနုပ်တို့၏ ပထမနှင့်နောက်ဆုံးအချစ်ကား မိမိကိုယ်ကိုချစ်ခြင်းတည်း။
 

(၁၃) လေမလာလျှင် လှေကိုလှော်ပါ။
 

(၁၄)တစ်စင်းတည်းသောမြားဖြင့် သေလေပြီးသောရန်သူကို ပစာမူ၍ အကြိမ်ကြိမ်ပစ်ခတ်ပြန်တော့အံ့နည်း။
 

(၁၅) စဉ်းချိန်ရှိပါလျက် လက်ရမ်းဆမပြုသင့်။
 

(၁၆) အဓိကအောင်မြင်မှုရဖို့ပဲ…၊အောင်မြင်မှုရရင်အ ခြားပြဿနာအားလုံး ပြေလည်သွားမှာပါ။
 

(၁၇) အောင်မြင်မှုမှာ ဖြတ်လမ်းမရှိ။
 

(၁၈) အလုပ်သမားတစ်ယောက်၏ လုပ်အားခကို ချွေးမခြောက်မီ ပေးပါ။
 
(၁၉) ရည်မှန်းချက်ထား,ကြိုးစားဇွဲသန်,နည်းလမ်းမှန်,သုံးတန် ကြီးပွားကြောင်း။
 

(၂၀) ကိုယ်ချင်းစာတရားမရှိသူ၏ လုပ်ရပ်မှန်သမျှ သူတပါးကို ထိခိုက်သည်ချည်း။
(၂၁) လူ့လောကကို မြင်ရာမှာဒေါင်လိုက်မြင်ရုံသာမက အလျားလိုက်လည်း မြင်တတ်ရမည်။
 
(၂၂) ခေါင်းဆောင်မှုဟူသည်မှာ ချက်ပိုင်သောနေရာယူခြင်းဖြစ်၏။
 
(၂၃) ဖြစ်နိုင်သလို လက်တွေ့လုပ်တတ်ရမည်။
 
(၂၄) ယုံကြည်ချက်ရှိရင် လူထုကိုဆန့်ကျင်ရဲရမယ်။
 
(၂၅) အရိပ်ခိုရတယ်…သစ်ပင်မခုတ်နဲ့လေ။
 
(၂၆) လူတိုင်းအတွက် ဆန့်ကျင်ဘက်ဟူသည်ရှိစမြဲ…သို့ဖြစ်၍…ဆန့်ကျင်ဘက်စိန်ခေါ်ရဲသောသတ္တိရှိရမည်။
 
(၂၇) ဒုက္ခကို စာရင်းလုပ်ပြီး ဖြေရှင်းပါ။
 
(၂၈) ရှိရင်မဖြုန်းနဲ့…မရှိရင်မခိုးနဲ့။
 
(၂၉) ကြောက်တတ်လျှင် နှစ်ခါသေ။
 
(၃၀) အလကားနေရင် အလကားဖြစ်တယ်…တစ်ခုခုလုပ်ရင် တစ်ခုခုဖြစ်တယ်။
 
(၃၁) ဆရာဘုန်းကံကြီးလျှင် တပည့်များချမ်းသာ၍,ဆရာဘုန်းကံကြီးချင်လျှင် တပည့်များ ဒုက္ခရောက်
       တော့သည်။
 
(၃၂) ရှေ့ကသွားမှာလား…?ဆွဲခေါ်ရမှာလား…?
 
(၃၃) လိုချင်သောအောင်မြင်မှုနှင့် ညီမျှသောအားထုတ်မှုရှိရမည်။
 
(၃၄) သာယာချိုလွင်,တေးသံစဉ်ကို,မခင်မမက်,လူစင်လျက်သား,ဘုရားရှင်လော..?နွားပင်လော…၊
 
(၃၅) အောင်မြင်မှုအတွက် အထောက်အကူမပြုနိုင်သောအရာမှန်သမျှ မေ့ထားလိုက်။
 
(၃၆) စူးစိုက်လေ့လာခြင်းဖြင့် နည်းလမ်းကောင်းများရယူပါ။
 
(၃၇) အမြင်မှန်မှ အကုန်မှန်မယ်။
 
(၃၈) အမြဲအားနေလျှင် ဆင်းရဲဖို့ မဝေးတော့ပြီ။
 
(၃၉) ဟော…ပြောရင်းဆိုရင်းနဲ့ ကြီးမြတ်ခြင်းတွေ သင့်ဆီလာနေပြီ။
 
(၄၀) အောင်ပွဲနှင့် အခက်အခဲဟူသည် အမွှာညီနောင်ဖြစ်သည်။ထိုကြောင့်...အောင်ပွဲနီးလေ..
       အခက်အခဲကြီးလေ..။

(၄၁) အသုံးပြုတတ်သူအဖို့ နေရာတိုင်းမှာ အလှရှိတယ်။

(၄၂) ကိုယ်တော်စေချင်သလောက် မတော်ရင် သူတော်သလောက်ပဲ တော်စေသင့်တယ်။

(၄၃) ပစ်တာ မှန်ရမယ်..စီးတာ မြန်ရမယ်..ပိတ်တာ လုံရမယ်..သိမ်းတာ ကုန်ရမယ်။

(၄၄) ဒုက္ခဆိုတာ ကိုယ်တိုင်ခံစားရမှ ပိုထင်ရှားတယ်။

(၄၅) မူရှိရင် ခြွင်းချက်ရှိရမယ်။

(၄၆) အလုပ်တစ်ခုလုပ်လျှင်…..အကြောင်းအကျိုး ဆီလျော်ရမယ်…..အကျိုးအမြတ်ရှိရမယ်..
       အကန့်အသတ်ရှိရမယ်။

(၄၇) စောင့်ထိန်းတာကို အ,တယ်လို့ထင်တတ်ကြတဲ့လူတွေအတွက် လူအ,ဖြစ်လည်း အရေးမကြီးဘူး။

(၄၈) လူနာကိုသနားချစ်ခင်ပါလျှင် မသေခင်ငိုကြွေးခြင်းကို ကြိုးစား၍သည်းခံကြပါကုန်။

(၄၉) ယောင်္ကျားမှန်လျှင် တည့်မတ် တော်မှန် ဇွဲသန် ရတယ်။

(၅၀) ပျင်းရိခြင်းသည် အရှိန်ယူခြင်းမဟုတ်…ငေးမောခြင်းသည် စူးစိုက်ခြင်းမဟုတ်…
       ထုံထိုင်းခြင်းသည် သမာဓိမဟုတ်..။

(၅၁) ကံဇာတာသည် ချမ်းသာမှုနှင့်မဆိုင်။

(၅၂) အဝေးဆုံးက အကောင်းဆုံးတွေကိုလည်း မျှော်မှန်းပါ၊
        အနီးဆုံးက အဆိုးဆုံးတွေကိုလည်း သတိထားပါ။

(၅၃) အသုံးမကျခြင်းသည် အသုံးမချတတ်သူ၏ အပြစ်သာ။

(၅၄) လူတိုင်းကိုဦးညွတ်ဖို့မလို…ကိုယ်ပိုင်မူနှင့် ခံယူချက်ပြတ်သားဖို့သာလိုသည်။

(၅၅) အကြင်သူသည် အိပ်ပျော်နေ၏၊ ထိုသူ၏ ဘုန်းကံ ပါရမီတို့သည်လည်း အိပ်ပျော်နေကြလေကုန်၏။

(၅၆) ခရီးရှိငြား,သွားသူရှား,သိစေတပဲ,သိမည်ခဲ…။

(၅၇) ပညာရှင်အခက်,ထိုအချက်,ပညာရှင်သာ သိ။

(၅၈) ကတိပေးလွယ်သူ၌ ကတိဖျက်လွယ်ခြင်းကို တစ်ပြိုင်နက်တွေ့မြင်နိုင်၏။

(၅၉) အကြင်သူသည် အိပ်ပျော်နေ၏၊ထိုသူ့ထံသို့ ဒုက္ခပေါင်းသောင်းခြောက်ထောင်မက ချီတက်လာနေ၏။

(၆၀) လမ်းမှန်ရွေးလွန်းရင်လည်း အောက်ခြေလွတ် လဲတတ်ပါ၏။

(၆၁) တွေ့တဲ့လူတိုင်းနဲ့ သင့်အောင်ပေါင်းစရာမလို…၊ပေါင်းတဲ့လူတိုင်းနဲ့ သင့်ဖို့သာအရေးကြီးသည်။
 

(၆၂) စစ်မှန်သောဝေဒနာအတွက် ကုသမည့်သူအမြဲရှိသည်။
 

(၆၃) နေရာတကာ ငါစူပါစိတ်မျိုးရှောင်ရှားပါ။
 

(၆၄) အလုပ်နှစ်ခု အပြိုင်မလုပ်ပါနဲ့..အကောင်းဆုံးမှစ၍ တဖြည်းဖြည်းလုပ်သွားပါ။
 

(၆၅) ငါသာ ငါ့ပြင်,ငါမမြင်ဟု,ဒုယင်တစ်ဆူ,ပြုမိမူ,ထိုသူ သူ့အောက်,နေ့ချင်းရောက်လိမ့်။
 

(၆၆) လုပ်လို့မရဘူးဆိုတာ ရအောင်မလုပ်လို့ပါ။
 

(၆၇) မနက်ဖြန်ကိစ္စ နောက်နေ့မှရှင်းမယ်။
 

(၆၈) သုံးပျောက်လို့ ငါးကွယ်,ခြောက်သွယ်နဲ့ လွဲ,လူ့ရပ်ထံ စံမမြဲ,လေး အောက်ကဆွဲ။
 

(၆၉) အကျပ်အတည်းမှာ တွေ့ရင် ဦးညွတ်ပါ။
 

(၇၀) မုန်တိုင်းလာမှာ မျှော်လင့်ထားပါ။
 

(၇၁) သူများက မြင်သလို ကိုယ့်ကိုယ်ကို ရှုမြင်ပါ။
 

(၇၂) လမ်းလျှောက်ရင်း အိပ်မက်,မက်တတ်သောအကျင့်ကို ပယ်ဖျောက်ပါ။
 

(၇၃) တန်ဖိုးဟူသမျှ အလုပ်ကသာ ဖန်တီးသည်။
 

(၇၄) အချိုကြိုက် လူမိုက်။
 

(၇၅) အမှားကို ဆင်ခြေဖြင့် အမှန်မလုပ်ပါနဲ့။
 

(၇၆) အကြောက်လွန်သောစိတ်သည် ကြောက်စရာအကောင်းဆုံးသောအရာဖြစ်သည်။
 

(၇၇) အချို့သောဆုံးရှုံးမှုများကား အောင်ပွဲများထက်ပင် အောင်မြင်တတ်ပေသည်။
 

(၇၈) အမှတ်တရားရေအလျဉ်သည် အမှားမြစ်ချောင်းများစွာကို ဖြတ်ကျော်စီးဆင်းခဲ့၏။
 

(၇၉) သင်ခံတွင်းပျက်နေသည်နှင့် သင့်အစာကို အပြစ်မတင်ပါနှင့်။
 

(၈၀) နေမင်းနှင့်လွဲရသည်ကို မျက်ရည်ကျနေလျှင် ကြယ်ပွင့်များကိုပါ မြင်ရလိမ့်မည်မဟုတ်။
 

(၈၁) လိုအပ်၍ လုပ်သမျှ တရားသည်မှန်သည်ချည်း။
 

(၈၂) အပြောနှင့်အလုပ် မညီသူတို့ကို ပေါင်းသင်းဆက်ဆံရခြင်းကား အိပ်မက်ထဲ၌ပင် စိတ်ပျက်ဖွယ်ကောင်း
       လှ၏။
 

(၈၃) ကမ်းပေါ်ကနေသူတစ်ယောက်အတွက် ပင်လယ်သည် ငြိမ်သက်လှပနေပေလိမ့်မည်။
 

(၈၄) ခွင့်လွှတ်ခြင်းကြောင့် မေ့လျော့သွားလိမ့်မည်မထင်ပါနဲ့။
 

(၈၅) ကြိုးစားခြင်းသည် ကံကောင်းခြင်း၏မိခင်ဖြစ်သည်။
 

(၈၆) အောင်မြင်ခြင်းတွင် အသိမိတ်ဆွေပေါများလှ၏။
 

(၈၇) မိမိကိုယ်ကို သိုးငယ်ဟုသဘောမထားပါနဲ့..၀ံပုလွေစာဖြစ်သွားလိမ့်မည်။
 

(၈၈) အမှားကိုကြောက်ခြင်းသည် တိုးတက်မှု၏သေဆုံးခြင်းပင်တည်း။
 

(၈၉) မူးနုတ် ပဲနုတ်,စု၍လုပ်,တရုတ် တိုက်ကြီးတည်။
 

(၉၀) စိတ်မပျက်ပါနှင့်..စိတ်ပျက်နေလျှင်လည်း စိတ်ပျက်ပျက်နှင့်ပင် ဆက်လုပ်ပါ။
 

(၉၁) ပျက်စီးချိန်တန်,နည်းဖောက်ပြန်,ဉာဏ်မြင်မရှင်းရာ။
 

(၉၂) ဇာတာမသန့်,ကံပင်ညံ့လည်း,မလျှော့ဝီရိယ,ကြိုးစားကြလော့..။
 

(၉၃) ဇွဲကို ကိုင်ဆုပ်,နောက်မဆုတ်,အဟုတ်ရှေ့သို့ ချီ။
 

(၉၄) သင့်ကိုယ်သင် ယုံကြည်မှုရှိပါ၊ အခြားသူများပြောချင်ရာ ပြောခြင်းသည်ဘာမှအရေးမကြီး။
 

(၉၅) ထူးခြားသောစွမ်းရည်ဆိုသည်မှာ ဆက်တိုက်ကြိုးစားခြင်း၏ စွမ်းအားသာလျှင်ဖြစ်သည်။
 

(၉၆) အလုပ်မရှိ,ငုံးတိတိနှင့်,နုံးချိမဲ့ယောင်,အူကြောင်ကြောင်ကို,နောင်လည်းမလို,အခုလည်းပို၏။
 

(၉၇) ရိက္ခာအတွက်,သိက္ခာဖျက်ဖို့,လိပ်ပြာရှက်လို့,ငြင်းလိုက်သည်။
 

(၉၈) အကောင်းဆုံးကို မျှော်လင့်ထားပါ..အဆိုးဆုံးအတွက် အသင့်ပြင်ထားပါ။
 

(၉၉) အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ်ကို ပြုပြင်ရမည်။ မှန်လှပေ၏..အတိတ်သည်အနာဂတ်၏
       နိဒါန်းဖြစ်သည်။ 

(၁၀၀) ကံရှိရင် ခံရစမြဲ..လုပ်သင့်တာ လုပ်ဖို့ကိုယ့်တာဝန်။

(၁၀၁) တစ်ကျမ်းတတ်ရုံ,စာမစုံ,အာဂုံ မငြင်းနှင့်။

(၁၀၂) ဘ၀တစ်ကွေ့,ဒုက္ခတွေ့မှ,ဆွေ့ဆွေ့ လူမိုက် ခုန်သတည်း။
 

(၁၀၃) လောဘကို အောင်နိုင်လျှင် လောကကို အောင်နိုင်လေတော့၏။
 

(၁၀၄) ယောင်္ကျားကောင်းမှန်လျှင် မိမိတစ်ဦးတည်းကောင်းစားရေးအတွက် ကိုယ်လွတ်မရုန်းကောင်း။
 

(၁၀၅) လူ့လောက၏အနာဂတ်သည် မိခင်တို့၏လက်ဝယ်သာရှိသည်။
 

(၁၀၆) အရှုံးဆိုတာ နှလုံးသွင်းမှန်ရင် ကိုယ့်အတွက်သက်လုံကောင်းစေတဲ့ အခက်အခဲတစ်ခုဖြစ်တယ်။
 

(၁၀၇) အရိုအသေကြိုက်ရင် ရိုသေထိုက်အောင်နေ။
 

(၁၀၈) ရ…သိ…ရဖို့အတွက်…ကျက် ပြန်…သိဖို့အတွက် ကြည့် ကြံ..။
 

(၁၀၉) ခါသုံးကောင် တစ်ကောင်ကောင်မိစေရမယ်။
 

(၁၁၀) ဆုံးဖြတ်ချက်တစ်ခု မသဲကွဲဘူးဆိုရင် မီးပုံထဲထည့်ပစ်လိုက်ပါ။
 

(၁၁၁) ဗုဒ္ဓကိုခရစ်တော်နှင့်နှိုင်းယှဉ်ခြင်းထက် ပိုမို၍ဗုဒ္ဓအား မတော်မတရားစော်ကားခြင်းမရှိတော့ပြီ။
 

(၁၁၂) အားအင်စွမ်းစ,ဟုန်းဟုန်းထလော့,ဘ၀ဟူသည်,ရုန်းကန်ခြင်း။
 

(၁၁၃) တစ်ယောက်ကျလျှင် တစ်ယောက်တက်၍ အောင်ပွဲယူပါ။
 

 (၁၁၄) ရောဂါအကြွင်း,ကြွေးအကြွင်းနှင့်,မီးကြွင်းတဖန်,ရန်ကြွင်းမှန်,ကျန်လျှင် မကောင်းတည်း။
 

(၁၁၅) ငိုချင်လျှင် ငိုပစ်လိုက်ပါ…ဒါပေမယ့်…ငိုခြင်းကတော့ သင့်အား ဘာမှ ဖန်တီးပေးလိမ့်မည်မဟုတ်။
 

(၁၁၆) အခက်အခဲကို အခွင့်အလမ်းအဖြစ်ပြောင်းလဲတတ်ပါစေ။
 

(၁၁၇) တကယ်တော့..အချစ်ဆိုတာ ဒိုင်စားဂဏန်းပါပဲ။
 

(၁၁၈) ကောက်ရိုးနှင့်လဲ အိုးကွဲပဲရမည်။
 

(၁၁၉) လိုအပ်မှုရှိမှ တီထွင်မှုရှိနိုင်သည်။
 

(၁၂၀) အောင်မြင်မှု၏လျှို့ဝှက်ချက်သည် ရည်မှန်းချက်အတိုင်း တသမတ်တည်းကြိုးပမ်းအားထုတ်မှုဖြစ်၏။
 

(၁၂၁) အခွင့်အလမ်းတွေ အမိဖမ်းဖို့ အစဉ်နိုးကြားကြပါစို့..။
 

(၁၂၂) အခွင့်အလမ်းကောင်းတစ်ခုသည် နှစ်ကြိမ်လာရောက်တံခါးမခေါက်ပါ။
 

(၁၂၃) အပျက်တွေး အပျက်စိတ်များ၏မူလသည် သံသယဖြစ်သည်။
 

(၁၂၄) ခိုင်မာပြတ်သားမှုသာ လုံလုံလောက်လောက်ရှိပါစေ…အလောသုံးဆယ်လုပ်စရာမလိုတော့ပေ။
 

(၁၂၅) သင့်အတွေးများကို လက်မထပ်ပါနှင့်။
 

(၁၂၆) ရဲဝံ့ပြတ်သားသူသာ ခေါင်းဆောင်ဖြစ်နိုင်သည်။
 

(၁၂၇) ဆင်းရဲခြင်းကို အသုံးချတတ်ပါက အရသာတွေ့လှ၏။
 

(၁၂၈) ရှုံးလိမ့်မည်ဟုကြောက်ရွံ့နေလျှင် ရှုံးလိမ့်မည်သာဖြစ်၏။
 

(၁၂၉) လူပျိုလျှင် အမှုများစေ…လူအိုလျှင် အမှုပါးစေ…။
 

(၁၃၀) ကမ္ဘာမြေကြီးသည် လူသားတိုင်း၏လိုအပ်ချက်အတွက် လုံလောက်သည်။
         သို့သော်..လူသားတိုင်း၏လောဘအတွက်တော့ မလုံလောက်ချေ။
 

(၁၃၁) သူဘာပြောနေတယ်ဆိုတာထက် သူဘာလုပ်နေသလဲဆိုတာက ပိုပြီးအဓိကကျသလို
         အဆုံးအဖြတ်လည်းဖြစ်တယ်။
 

(၁၃၂) မမိုက်ပေမယ့် မှားတတ်တယ်။
 

(၁၃၃) လူဆိုတာ အမြဲမမှန်နိုင်ပေမယ့် အမြဲမမှားဖို့တော့ လိုတာပေါ့။
 

(၁၃၄) ပြန်၍ငယ်လိုသူသည် မိုက်မဲမှုကို နှစ်ကြိမ်ပြန်၍ပြုလိုသူသာဖြစ်သည်။
 

(၁၃၅) မြန်မာကို ကမ္ဘာ့က သိစေချင်ရင် ဂေါတမလမ်းစဉ်လိုက်။
 

(၁၃၆) ယနေ့ငါသည် မနေ့ကငါ မဖြစ်စေရ။
 

(၁၃၇) ကြောင်ဆိုတာဖြူခြင်း,မည်းခြင်းက ပဓာနမဟုတ်..၊ကြွက်ကိုအမိဖမ်းနိုင်ဖို့သာ ပဓာနဖြစ်တယ်။
 

(၁၃၈) အမှား၏နောက်၌ နောင်တသာလျှင်ရရှိသည်။
 

(၁၃၉) မိမိ၏သမိုင်းကြောင်းကိုကြည့်၍ ပီတိဖြစ်ရခြင်းသည် ထူးခြားသောအရသာထူးတစ်ခုဖြစ်ပါ၏။
 

(၁၄၀) ဘ၀ဟူသည် သုခဖြင့်လွှမ်းခြုံထားသော သောကရုပ်တုပင်ဖြစ်သည်။
 

(၁၄၁) မမက်မောလေ…ရလေ..။
 

(၁၄၂) အတ္တဟိတသည် လမ်းစဉ်ဖြစ်၍…ပရဟိတသည်သာ ပန်းတိုင်ဖြစ်သည်။
 

(၁၄၃) ဘ၀အတွက်ကြီးစွာသောအဟန့်အတားမှာ သံသယနှင့်အမြင်မှားဖြစ်သည်။
 

(၁၄၄) ဒေါသသည် ဆိုးရွားသောကိုယ်ပိုင်ပစ္စည်းဖြစ်သည်။
 

(၁၄၅) လူမကောင်းလျှင် မူဆိုတာ စကားလုံးပဲ…။
 

(၁၄၆) အလိုရှိ လမ်းရှိသည်။
 

(၁၄၇) ကျားသေလျှင် သားရေကျန်ရမည်…လူသေလျှင် နာမည်ကျန်ရမည်။
 

(၁၄၈) ယုတ္တိယုတ္တာစကားအရာတွင် ဖြစ်နိုင်ချေရှိတိုင်းလည်း တကယ်လက်တွေ့နယ်ပယ်၌ ရှိနေသည်...                     ရှိနေသည်..ရှိသည်မဟုတ်ပေ။
 
(၁၄၉) ကောင်းသမျှလုပ်ဖို့ထက် လုပ်သမျှကောင်းဖို့ လိုသည်။
 

(၁၅၀) ကိုယ့်အလုပ်ကို ကိုယ်ဂုဏ်ယူတတ်ရမည်။

(၁၅၁) သမင်ရလို ဇောမပိုနှင့်…ကျားကို သတိပြုပါဦး..။

(၁၅၂) သုခကြီးကိုရလိုမူ သုခငယ်ကိုစွန့်ကာ ရှာမှီးရာ၏..။
         ဒုက္ခကြီးကိုကြောက်မူ ဒုက္ခငယ်ကိုခံစားကာ ရှောင်ကွင်းရာ၏။
 

(၁၅၃) ဘယ်အခါမဆို သေ၀ံ့အောင် နေထိုင်ကြ…။
 

(၁၅၄) ဂုဏ်မြင့်နေသူဟာ နှိမ်ချမှသာ ဂုဏ်ထပ်ပြီးတိုးနိုင်တယ်။
 

(၁၅၅) ကိုယ့်မယားကို ကိုယ်အမြဲနောက်ပိုးပိုးနေရမည်။
 

(၁၅၆) တရားမရှိသောသူသည် အသားမပါသောစကားကိုပြော၏။
 

(၁၅၇) ယုတ္တိရှိရုံနှင့် အမှန်ဟုမယူဆရသေး။
 

(၁၅၈) လူမှန်လျှင် ရန်နှင့်မကင်း။
 

(၁၅၉) အချစ်နဲ့ အရူးဟာ တစ်ဆက်တည်းဘဲ။
 

(၁၆၀) အောင်မြင်မူကို အလိုရှိသူ ကြိုးစားမူဖြင့် ရင်းနှီးယူ။
 

(၁၆၁) ကြောက်၍ပင် တစ်ပါးတည်းနေသည်။
 

(၁၆၂) ကိုယ့်စိတ်အတိုင်း အကျိုးပေးတယ်။
 

(၁၆၃) ရန်ကြွင်း မီးကြွင်း, ကြွေးးအကြွင်း, ကင်းရှင်းအောင်သာကျင့်။
 

(၁၆၄) ဘေးပေါင်းအစုံ, ၀ိုင်း၍အုံ, လူဘုံ ဓမ္မတာ။
 

(၁၆၅) က၀ိမှန်ငြား, ကျမ်းဂန်ထား, စကား မဆိုကောင်း။
 

(၁၆၆) အပြောင်းအလဲ အဖြစ်အပျက်သည်ပင် လောက…လော…လူ ဖြစ်သည်။
 

(၁၆၇) ဘ၀နဲ့ ဘာဝနာတွဲထားမှ…..ဘာဝနာမပါရင် ဘ၀နာတတ်တယ်။
 

(၁၆၈) အကောင်းဆုံးသော ခံစစ်သည် ထိုးစစ်သာဖြစ်သည်။
 

(၁၆၉) ပ၀တ္တိ ပဋိသန် အသိဥာဏ် အကြွယ်သားနှင့် အပါယ်လားမခံပါနှင့်။
 

(၁၇၀) လူသားအားလုံး၏ ကောင်းးကျိုးချမ်းသာထက် ကြီးမားလွန်ကဲသည့် အခြားအလုပ်မရှိ။
 

(၁၇၁) သိက္ခာသုံးပါး, အကျင့်အားသာ, ရဟန်းမှာ, ပူဇာဒါန, လူ့ ကိစ္စ။
 

(၁၇၂) ဆွမ်းခံတာလည်း သာသနာပြုတာပါဘဲ။
 

(၁၇၃) သေလျှင်ပစ်ထားခဲ့ရမည့် ပါးစပ်ကို မသေမီ များများအသုံးချရမည်။
 

(၁၇၄) ၀ီရိယနှင့်ဥာဏ် နှစ်ပါးသန်မှ ပါရမီကံ အကျိုးပေးသန်နိုင်ပေသည်။
 

(၁၇၅) သင့်ကို လူကြီးဟု အများကထင်လျှင် ကလေးမဖြစ်ပါစေနှင့်။
 

(၁၇၆) ပစ္စုပ္ပန်မှာ သေချာသူသည် နောင်ရေးပူပန်စရာမလို ။
 

(၁၇၇) အခုမကောင်း, နောင်မကောင်း, နစ်ကြောင်းသံသရာ။
 

(၁၇၈) မိဘတို့ မှား, သမီးသား, အများ ဖြစ်ချက်နာ။
 

(၁၇၉) သူ့ကိုတရံ, ယင်ရှိကြံသော်, ကိုယ်ထံမျက်မှောက်, ဆင်ရှိရောက်လိမ့်။
 

(၁၈၀) မမေးမမြန်း, ဥာဏ်မြင်ကန်း, စုံစမ်း ဥာဏ်ကြီးသည်။
 

(၁၈၁) ကျမ်းသိထက် ကျမ်းညှိခက်။
 

(၁၈၂) လက်ကျန်အလုပ် မနက်ဖြန်မရှုပ်အောင် ရက်မှန်လုပ်ဖို့  လိုပါသည်။
 

(၁၈၃) ရှင်တော်ထွဋ်ကဲ, နောက်ဆုံးပွဲ,မလွဲရအောင်ကြံ။ 
         ကုသိုလ်တရား, လွန်ကြိုးစား, မမှားတွေ့ဧကန်။ 

(၁၈၄) မေ့မေ့လျော့လျော့, ပေါတော့တော့, ကော့လိမ့်ငရဲမှာ။
 

(၁၈၅) ကိုယ်နှင့်မစာ လူတကာ မေတ္တာ မတုံးနှင့်။
 

(၁၈၆) စရိုက်အရှိ အလိုက်သိ ကြိက်ဘိ လူတကာ။
 

(၁၈၇) ဂုဏ်ထူးသကတ် မပြုလတ် ထိုရပ် မနေရာ။
 

(၁၈၈) နှုတ်မြွက်စကား, ဆိုတတ်ငြား, လူများ ပီယဆေး။
 

(၁၈၉) အဆိပ်မဲ့စွာနဲ့  သီးခံခြင်းကို မလေ့ပါနဲ့ ။
 

(၁၉၀) ရှေးထုံးရှေးစံ, လမ်းဟောင်းမှန်, ပယ်လှန်မပစ်နှင့်။ 
         ရှေးထုံးရှေးစံ, လမ်းမမှန်, အားသန် မလိုက်နှင့်။ 

(၁၉၁) ဖြစ်တတ်ပျက်တတ်, လောကဓာတ်, မပြတ် သံဝေရှုရမည်။
 

(၁၉၂) တစ်ဆူမသင့်, တစ်ဆူသင့်, ဖူးခွင့် တွေ့ထိုက်ပြီ။
 

(၁၉၃) ယနေ့ အနစ်နာခံခြင်းသည် မနက်ဖန်ခါ အောင်မြင်ရန်အတွက် လမ်းခင်းပေခြင်းပင်ဖြစ်သည်။            
(၁၉၄) မိတ်ဆွေကိုအားကိုးခြင်းသည် သဲသောင်ပြင်၌ အိမ်ဆောက်သည်နှင့်တူ၏။
 

(၁၉၅) ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာနေလိုပါက ၀င်ငွေတစ်ဝက်ကိုသာ သုံးစွဲရပေမည်။
 

(၁၉၆) သင်သည် အချိန်၏တန်ဖိုးကို မသိလျှင် ဂုဏ်သတင်းကျော်စောရန် မွေးဖွားလာသူတစ်ဦးမဖြစ်နိုင်ပါ။           
(၁၉၇) အကျင့်ဆိုးတစ်ခုကိုဖြတ်ရန် ကြိုးစားရာ၌ ဘယ်အခါမျှ ခြွင်းချက်မထားပါလေနှင့်။
 

(၁၉၈) မျိုး၏ကျိုးထောက်, သူတစ်ယောက်, ပယ်ဖျောက်စွန့်ရမြဲ။
 

(၁၉၉) ဉာဏ်သာမူလ, အဓိက, ချိန်ဆ ထုံးနှယ်မွှေ။
 

(၂၀၀) ပန်းကိုနောက်မှလှူပါ..၊တရားအားထုတ်သည့်အခါ တရားကိုသာ ကြိုးစားတော်မူပါ။
 

(၂၀၁) လူတော်သော် စနစ်မရွေးပါ။
 

(၂၀၂) ကျွန်နှင့်သူကောင်း, အတူပေါင်း, သူကောင်း ကျွန်စော်နံ။
 

(၂၀၃) ရသာအကြိုက်, အလိုလိုက်, အမိုက် တွေ့မည်သာ။
 

(၂၀၄) သင့်စာအုပ်စင်က သင့်အနာဂတ်ကို ဖန်တီးလမ်းပြနေသည်။
 

(၂၀၅) ဆင်းရဲဒုက္ခဟူသည် ကြီးပွားခြင်း၏အလုပ်စခန်းကို စတင်ရန်အခါပေးသော နိမိတ်ပင်တည်း။
 

(၂၀၆) သံယောဇဉ်ပါသောလုပ်ဆောင်မှုများသည် အမှန်တရားကင်းမဲ့တတ်၏။
 

(၂၀၇) ပြာပုံမလူးနဲ့…ပြာပုံလူးက ယားတတ်သည်။
         အာရုံမကြူးနဲ့…အာရုံကြူးက မှားတတ်သည်။


(၂၀၈) ငါတော် ငါတတ်, ငါသိ ငါမှန်, ဤလေးတန် ဘယ်ခါမရှိရာ။
 

(၂၀၉) သဒ္ဓါနှင့်ဥာဏ်, နှစ်ခုသန်မှ, လမ်းမှန်သို့ ကျသည်။
 

(၂၁၀) ယခုဘ၀ ငါနှင့်မတန်လျှင် နောင်ဘုရားလက်ထက်၌လည်း ငါနှင့်မတန်ဖြစ်တတ်သည်။
 

(၂၁၁) ကိုယ်အမှားကို သိတဲ့နေ့ဟာ တိုးတက်ကြီးပွါးဖို့ စတဲ့နေပဲ။
 

(၂၁၂) ကာလရွေ့လျော, လူညာပေါ, ပြောတိုင်း မယုံနှင့်။
 

(၂၁၃) တောင်ကိုတက်မှ ဟိုဘက် ရောက်သည်မဟုတ်ပါ။
 

(၂၁၄) ကိုယ့်ရှေ့ ဖြစ်လာ သင်္ခန်းစာ ယူတတ်ပါမှ မြတ်လေစွ။
 

(၂၁၅) အမှားတစ်ခုစီနဲ့  ရပ်ကြစို့ ။
 

(၂၁၆) အချစ်၏သချုင်္ီင်းကုန်းသည် လက်ထပ်ခြင်းဖြစ်သည်။
 

(၂၁၇) တာဝန်ကိုရှောင်လွှဲသွားခြင်းသည် ရလာမည့်အကျိုးအမြတ်ကို ရှောင်လွဲသွားခြင်းပင်ဖြစ်သည်။        
 

(၂၁၈) အကုသိုလ်ကို ကြောက်တဲ့သူဟာ ရှင်ဘုရင် မဖြစ်နိုင်ဘူး။
 

(၂၁၉) ကိစ္စလတ်လတ်, ပြီးစေအပ်၏, အားလပ်မှသာ, မဟူရာတည်း။
 

(၂၂၀) အမှန်တရားကို ရင်ဆိုင်ရခြင်းသည် ဆေးခါးကြီးသောက်ရသကဲ့သို့ ပင်ဖြစ်သည်။
 

(၂၂၁) ဆရာကောင်းနဲ့ မဆုံဆည်းခဲ့တဲ့ ဘယ်ကလေးမှ လူတော်လူကောင်း မဖြစ်နိုင်ဘူး။
 

(၂၂၂) သင့်ရဲအိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာကို အလိုရှိရင် သင်..အိပ်မနေပါနှင့်။
 

(၂၂၃) အကျိုးပြီးမြောက်လျှင် လုပ်နည်းမှန်သည်ဟု ဆိုအပ်ဧ။်။
 

(၂၂၄) ရိုးသားသောအလုပ်ဟူသမျှတို့သည် မြင့်မြတ်သည်ချည်းတည်း။
 

(၂၂၅) လောကသည် လူကို နေ့ စဉ် ဆုံးမလျက်ရှိ၏။
 

(၂၂၆) လောကမှာအောင်မြင်မူတွေကို ရရှိနေသည်ထက် မအောင်မြင်မူကို သည်းခံနိုင်တဲ့သတ္တိရှိ
        ဖို့က ပိုအရေးကြီးသည်။                       

(၂၂၇) ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်းသည် အမှန်ဆုံးနှင့် အပြစ်ကင်းဆုံးဖြစ်၏။
 

(၂၂၈) အယူအဆတစ်ခု လမ်းစဉ်တစ်ခုကို အသေကိုင်စွဲထားခြင်းသည် အန္တရာယ်ပင်တည်း။
 

(၂၂၉) မယုံကြည်လွန်းခြင်းသည် ယုံကြည်လွန်းနှင့် ထပ်တူညီမျှ ဆိုးဝါးလှ၏။
 

(၂၃၀) သံလျက်ဖြစ်ငြား သွေးမထားသော် ချင်းဓား လိုခါ မတုံးလား။

(၂၃၁) အလုပ်ရှုပ်ခြင်းကို အလုပ်လုပ်ခြင်းဖြင့် ဖြေရှင်းပါ။
 

(၂၃၂) ကျေးဇူးနှောင်ကြိုးချည်ခြင်းခံရသူလောက် သနားစရာကောင်းသော အကျဉ်းသားမရှိချေ။
 

(၂၃၃) သတိ….နတ်တွေ  ကြည့်နေသည်။
 

(၂၃၄) ဒုက္ခသည် အဖော်အပေါင်းနှင့် လာတတ်၏။
 

(၂၃၅) ဖြတ်လမ်းသွားရင် ဇာတ်လမ်းမှားတတ်သည်။
 

(၂၃၆) သင်….ဆုံးရှုံးခံနိုင်သလောက်ကိုသာ ချေးလိုက်ပါ။
 

(၂၃၇) ကြမ္မာယွင်းယို, ပျက်စီးလိုက, အဆိုတခြား အနေမှား၏။
 

(၂၃၈) အခွင့်အလမ်းသည် လူကောင်းကိုပင် လူဆိုးဖြစ်စေနိုင်၏။
 

(၂၃၉) အမှုတစ်ခု အနုနှင့်သာ အောင်စေရာ၏။
 

(၂၄၀) ပျားရည်စစ်စစ်, ပျားကဖြစ်သတဲ့, ပန်းပွင့် ရင်နာရချေပြီ။
 

(၂၄၁) အချစ်ဟာ ပူလောင်စွာ့ဟုသိလိုက်တဲ့အချိန်မှာ ရင်ဟာ လောင်ကျွမ်းဆွေးမြေ့နေပြီ။
 

(၂၄၂) အမြင့်တက်တိုင်းလည်း အသီးစားရသည်မဟုတ်..ထိုကြောင့် ဘာပဲလုပ်လုပ် တစ်ရာအဓိပ္ပါယ်ရှိနေဖို့
         လိုသည်။
 

(၂၄၃) လုပ်နိုင်တာအောက် လျှော့လုပ်ရင် ကံနှင့်ဉာဏ်ကို စော်ကားရာရောက်၏။
 

(၂၄၄) အကြောင်းပြချက်များနှင့် လောကကို ပိုင်စိုးချုပ်နှောင်လို့မရ။
 

(၂၄၅) ရယ်ရယ်ပြုံးပြုံး,တစ်နေ့လုံး,အသုံးတည့်ပါစေ။
 

(၂၄၆) အကျင့်မမှား စည်းသို့တား တရား မလွန်စေနဲ့။
 

(၂၄၇) သူတော်ကောင်းကိုမြတ်နိုးတတ်သောသူသည် သူတော်ကောင်းပင်ဖြစ်သည်။
 

(၂၄၈) နောက်ကိုလည်း မဖေါ်နဲ့…ရှေ့ကိုလည်း မမျှော်နဲ့…ပစ္စုပ္ပန်မှာလည်း မချော်နဲ့..။
 

(၂၄၉) အရာရာမှာ လွန်အားနာ မြန်စွာ ပျက်စီးကြောင်း။
 

(၂၅၀) ပိုင်ဆိုင်ခြင်းဆိုတာ ပျက်စီးခြင်း၏နိဒါန်းပဲ။
 

(၂၅၁) သင် လိုချင်တာရဖို့ရန်မှာ သင်ဟာ ရနိုင်လောက်အောင် လိုချင်သူဖြစ်ရမည်။
 

(၂၅၂) သင့်ဓားတိုလျှင် ရှေ့တစ်လှမ်းတိုး၍ ခုတ်ပါ။
 

(၂၅၃) အတိတ်ကပါလာတဲ့ဘုန်းကံပါရမီတွေကို ပစ္စုပ္ပန်စိတ်မိုက်ကြောင့် မပျက်စီးပါစေနဲ့…။
 

(၂၅၄) လူပျင်း နတ်မ, မရှိကြ, မှတ်ပါ့ ယုံကြည်စွာ…။
 

(၂၅၅) လောကကိုကတညုတမျက်လုံးဖြင့်ကြည့်မှ အသုံးမကျသူ လောက၌မရှိကြောင်း တွေ့မည်ဖြစ်သည်။
 

(၂၅၆) သဘာဝတရားသည် ဖွင့်ထားသော ကျမ်းဂန်စာအုပ်ဖြစ်သည်။
 

(၂၅၇) အလေ့အကျင့်မှသည် အလေ့အထဖြစ်အောင် အစဉ်လေ့ကျင့်ပါ။
 

(၂၅၈) အရှိအမှန်အခြေအနေကို ၎င်းအတိုင်းခံယူတတ်သည့် အလေ့အကျင့်ရှိရမည်။
 

(၂၅၉) ဧည့်သည်လာလျှင် ဆန်မကုန်စေနဲ့။
 

(၂၆၀) အလုပ်မလုပ်ဘဲရတဲ့အစာဟာ ခိုးလို့ရတဲ့အစာပဲ…။
 

(၂၆၁) အကန်းတွေမမြင်ပေမယ့် အလင်းဟာအလင်းပါပဲ။
 

(၂၆၂) အမှန်တရားကို ကျင့်သုံးခြင်းသည် ဥပဒေကိုလိုက်နာခြင်းထက် ပိုမြင့်မြတ်သည်။
 

(၂၆၃) စွန့်လွှတ်ခြင်းမရှိပဲ စစ်မှန်သောလွတ်လပ်မှုဘ၀ကို မရနိုင်။
 

(၂၆၄) လူ့သမိုင်းကို အလုပ်လုပ်သောပြည်သူတို့၏အင်အားဖြင့်သာ တည်ဆောက်နိုင်သည်။
 

(၂၆၅) ကျား,မ မဟူ လူတို့အလိုရှိသည်ကား အားပေးမှုသာတည်း။
 

(၂၆၆) သူတစ်ပါးက ကျေးဇူးပြုဖူးသည်ကို မှတ်သားထားပါ..၊ကိုယ်ကကျေးဇူးပြုသည်ကို မေ့ပစ်လိုက်ပါ။
 

(၂၆၇) စိတ်ဓာတ်,အချိန်,လေ့ကျင့်မှုတို့က အောင်မြင်မှုကို ဖန်တီးပေး၏။
 

(၂၆၈) အဟောင်းနှင့်ကင်းသော အသစ်ဟူ၍မရှိ။
 

(၂၆၉) ဘ၀ကိုပြန်လည်ထူထောင်နေချိန်မှာ ရွှေထီးရိပ်ကိုလွမ်းမောတသနေရန် မဖြစ်။
 

(၂၇၀) ရည်ရွယ်ချက်ကြီးမားသော ယောင်္ကျားများအဖို့ အချစ်ကိစ္စဆိုသည်မှာ လွန်စွာသေးကွေးသောကိစ္စ
         မျှသာဖြစ်၏။
 

(၂၇၁) ချမ်းသာလျှက်ကြီးအတိုင်း သေရတာဟာ ကျက်သရေယုတ်လှ၏။
 

(၂၇၂) အမှန်တရားတိုင်းဟာ လောကနှင့်သဟဇာတမဖြစ်နိုင်ဘူး။
 

(၂၇၃) အနစ်နာခံခြင်းဖြင့် အဖော်ကောင်းတစ်ယောက်တစ်လေရရှိနိုင်သည်။
 

(၂၇၄) မိမိကိုယ်မိမိ မနာခံသောသူသည် အမိန့်ပေးခြင်းခံရမည်။
 

(၂၇၅) မိုးယိုရင် နေရာရွေ့မထိုင်နဲ့။
 

(၂၇၆) ပြုမူတိုင်းမှာ ညီမျှတဲ့ တုန့်ပြန်မှုရှိတယ်။
 

(၂၇၇) ထက်သန်တက်ကြွသောစိတ်မရှိဘဲ ကြီးကျယ်သောဘယ်အရာကိုမျှ မရနိုင်။
 

(၂၇၈) သန့်ရှင်းသောလက်တစ်စုံအပေါ် ဘာအမှုန်မှ မငြိတွယ်ပါစေနဲ့။
 

(၂၇၉) မိခင်နို့နဲ့လွဲချော်ခဲ့ရင်လည်း နို့မုန့်ဗူးနဲ့နွှဲပျော်ကြရုံပေါ့။
 

(၂၈၀) ဆန့်ကျင်ဘက်ဆိုတာ ပြီးပြည့်စုံခြင်းကိုကူညီတဲ့ တန်းခိုးရှင်တစ်မျိုးဖြစ်တယ်။
 

(၂၈၁) ကိုယ့်ကိုယ်ကို ညှာရင်းနဲ့ ကိုယ့်ကိုယ်ကို ညာမိတတ်တယ်။
 

(၂၈၂) လစ်ဟာမှုကို မေတ္တာဖြင့်ရှုပါ။
 

(၂၈၃) ယုံကြည်ချက်တွေရှင်သန်နေသရွေ့ သင့်အိပ်မက်တွေ မပျောက်ပြယ်နိုင်သေးဘူး။
 

(၂၈၄) စဉ်းလဲတာထက်စာရင် ဆင်းရဲတာက ပိုကောင်းပါတယ်။
 

(၂၈၅) အကြီးအကဲဆိုတာ နူးညံ့သိမ်မွေ့ ခြင်းနှင့် ကြံ့ခိုင်ခြင်းတို့  ပေါင်းစပ်ထားသူပါ။
 

(၂၈၆) င့ါအပင်က အသီးကို မင်းမနှစ်လိုလျှင်လည်း လာမလှုပ်ပါနဲ့ ။
 

(၂၈၇) ငြိမ်သက်ခြင်းထက် လေးနက်သော ဘာသာစကားမရှိ။
 

(၂၈၈) ပြောင်းလဲမှုသည် အနားယူခြင်းတမျှ ကောင်းမွန်သည်။
 

(၂၈၉) ကြီးမားသောအောင်မြင်မှုတိုင်းသည် သေးငယ်သောကြိုးစားအားထုတ်မှုတို့၏ အသီးအပွင့်ဖြစ်သည်။
 

(၂၉၀) ကိုယ်ငိုနေတုန်း မိုးရွာစေချင်တယ်။
 

(၂၉၁) တံခါးပိတ်သွားသော်လည်း ပြတင်းပေါက် ပွင့်နေပါသေးသည်။
 

(၂၉၂) တကယ်မြတ်ချင်ရင် အလယ်အလတ် စိတ်ထားပါ။
 

(၂၉၃) ရွေးချယ်မှု မပြတ်သားရင်တော့ ချွေးတများများနဲ့  ပြေလွှားရပေဦးမည်။
 

(၂၉၄) လုပ်သလောက်သာ ကောင်းကျိုးလာ၍ ရတာမတန် လုပ်နည်းဟန် ဧကန်လွဲနေသည်။
 

(၂၉၅) ပညာရှိမူ ရန်သူဖြစ်စေ မြတ်လှပေ၏။
 

(၂၉၆) ပညာမဲ့လျှင် သားပင်ဖြစ်စေ အယုတ်ပေတည်း။
 

(၂၉၇) ပေါက်ပင် ဘာကြောင့်ကိုင်းကိုင်း ကိုယ့်သမိုင်းတော့ အရိုင်းမခံကြပါနဲ့ ။
 

(၂၉၈) ၀ိသုဒ္ဓိဖြစ်မှ ၀ိမုတ္တိဖြစ်မယ်။
 

(၂၉၉) မိမိကို ဒေါသထွက်စေသူသည် မိမိကို အောင်နိုင်သူဖြစ်သည်။
 

(၃၀၀) ကမ္မဌာန်း ထိုင်ရာမှ ဖျက်ပြီး ဆွမ်းတော်ချက်ရအောင် မထချင်ကြနဲ့ ။
 

(၃၀၁) ကြင်နာမှုကင်းတဲ့ ရဲရင့်ခြင်းဟာ ရက်စက်ခြင်းပဲ ဖြစ်လိမ့်မယ်။
 

(၃၀၂) ရွေးချယ်မှုတိုင်း၏ နောက်မှာ တာဝန်ယူမှုများရှိရစမြဲ။
 

(၃၀၃) အားနာလို့ လည်း မစားနဲ့ ၊ နှမြောစရာမို့ လည်း မစားနဲ့ ။
 

(၃၀၄) လူမိုက်များလိမ်ကြ၍ လူညံ့များ အလိမ်ခံကြသည်။
 

(၃၀၅) လောကခရီးကို သောကမီးတွေနဲ့  မလျှောက်လှမ်းပါနဲ့ ။
 

(၃၀၆) ကောင်းကင်သန့်သန့်ကို ဖြန့်မြင်ချင်ရင် ပင်လယ်ဆီ ရွက်လွှင့်ကြရလိမ့်မည်။
 

(၃၀၇) ဘေးထွက်ဆိုးကျိုးတွေ ပြည့်နေတဲ့ ချိုမြိန်ခြင်းဟာ အချစ်ပဲ။
 

(၃၀၈) လော…ရင် လွဲတတ်သည်။
 

(၃၀၉) မွှေးအောင်သာ ကြိုးစားပါ…ပန်ကြပါလိမ့်မည်။
 

(၃၁၀) လူတွေနဲ့  ဝေးလေလေ….သစ္စာတရားနဲ့ နီးလေလေ။
 

(၃၁၁) ဘာမှမလိုချင်တော့ပါဘူးဆိုရင် အရာအားလုံးပြည့်စုံသွားပြီ။
 

(၃၁၂) အရာအားလုံးကို ထောင်ချောက်ဆင်လို့ ရတယ်။ ကံကြမ္မာကို ထောင်ချောက်ဆင်လို့ မရဘူး။
 

(၃၁၃) ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးမှာ လူတွေညံ့ခဲ့တာ ဓမ္မတာပါ။
 

(၃၁၄) လူတိုင်းရဲ့ ရင်ထဲမှာ ပင်လယ်တစ်ခုစီတော့ ရှိကြတယ်။
 

(၃၁၅) အလျင်စလို ဆုံးဖြတ်ခြင်းနဲ့ တစ်ဖက်သက် ကြိုတင်ဆုံးဖြတ်ခြင်းကို မလုပ်မိအောင် သတိပြုပါ။
 

(၃၁၆) တတ်သိတဲ့ လူများတယ်….သိတတ်တဲ့ လူရှားတယ်။
 

(၃၁၇) ကြုံလို့ ဝင်လည်တဲ့ အကျင့်ဆိုးကို ဖျောက်ရမယ်။
 

(၃၁၈) ကိုယ်ဘာမှ မတတ်နိုင်ရင် နေ့ စဉ် တွေ့ ကြုံနေတဲ့ ပြဿနာတွေကိုတောင် ဥပေက္ခာပြုထားရမယ်။
 

(၃၁၉) ကိုယ့်ဘာသာ ဖန်တီးယူတဲ့ ဧကရာဇ် တစ်ယောက်ဟာ အဆက်မပြတ် အောင်ပွဲ ရနေဖို့လိုတယ်။
 

(၃၂၀) အောင်ပွဲရတဲ့ အချိန်ဟာ အန္တရာယ်အများဆုံး အချိန်ပဲ။
 

(၃၂၁) စကားလုံးတွေဟာ အတွေးအခေါ်ကို အရည်ပျော်ပြီး အားနည်းသွားစေတယ်။
 

(၃၂၂) မင်းကျော်ဖတ်လိုက်တဲ့ စာမျက်နှာဟာ ငါကူးခတ်နေတဲ့ ဘ၀ပင်လယ်ပါ။
 

(၃၂၃) အသော့အနှင်လုပ်ခြင်းသည် နတ်ဆိုးတို့ ၏ အလုပ်တည်း။
 

(၃၂၄) စိတ်သည် ဘာမျှ ရေးမထားသော ကျောက်သင်ပုန်းမဟုတ်။
 

(၃၂၅) ခေတ်ပျက်ပေမယ့် အကျင့်မပျက်မပါစေနဲ့ ။
 

(၃၂၆) ကောင်းသောအကြံဉာဏ်ကို ပြောဆိုခွင့်ရှိလျက် ဆိတ်ဆိတ်နေခြင်းသည် ယုတ်မာကောက်ကျစ်
         သည်မည်၏
 

(၃၂၇) လူတစ်ယောက်ကို အပြစ်တင်ဖို့  အချိန်တွေ အများကြီး မသုံးပါနဲ့ ။
 

(၃၂၈) ပြောင်းလဲခြင်းဆိုတာ အခံရခက်တတ်ပြီး အလွမ်းဝေဒနာကိုလည်း ကျော်လွန် ရပါတယ်။
 

(၃၂၉) အတိတ်မူးမပြေရင် ဇာတ်ညွှန်းအသစ်ရေးဖို့ ခက်ပါတယ်။
 

(၃၃၀) အမြဲတမ်း ထိရောက်နေရန် အမြဲတမ်း သင်ယူနေရပါမယ်။
 

(၃၃၁) ရန်သူကို ပင်လှူနိုင်အောင် စိတ်ထားပါ။
 

(၃၃၂) သူတော်ကောင်းဆိုတာ အောက်ဆုံးကပဲ။
 

(၃၃၃) ယဉ်ကျေးခြင်းဟူသည် မိမိကိုယ်နှုတ်ကို အနည်းငယ် အပင်ပန်းခံ၍ အောင့်အီးခြင်းပင်ဖြစ်သည်။
 

(၃၃၄) ငါတို့ ရဲ့ ခေါင်းတွေဟာ အမှိုက်ပုံး မဖြစ်သင့်ဘူး။
 

(၃၃၅) ကိုယ်စောင့်နတ်ဆိုတာ ကိုယ်ကျင့်တရားပဲ ဖြစ်ရမယ်။
 

(၃၃၆) အခွင့်အလမ်းဆိုတာ အခက်အခဲကြားမှာ လဲလျောင်းနေတယ်။
 

(၃၃၇) ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ပြီဆိုတာနဲ့ အတိတ်ကိုစားမြုံ့ပြန်တော့တာပဲ။
 

(၃၃၈) တရားသူကြီးအချို့ မတရားတာကြာပါပြီ။

(၃၃၉) သွားမြဲလမ်း သွားလော့... ခွေးကတော့ ဟောင်မြဲဟောင်လိမ့်မည်။

(၃၄၀) မကောင်းမှုကို အားမပေးခြင်းသည် လူသား၏မြင့်မြတ်သောတာဝန်ဖြစ်သည်။


ပါဠိနီတိများ
(၁) သက္ကစ္စသ၀နံ ဗုဒ္ဓသာသနသမ္ပတ္တိ။
 

(၂) သကတ္ထော နတ္ထိ နတ္ထေ၀၊ ပရဿတ္ထ မကုဗ္ဗတော။ သစ္စံ ပုနပိ သစ္စန္တိ၊ ဘုဇမုက္ခိပ ၀ုစ္စတေ။
 

(၃) သမာဟိတော ယထာဘူတံ ပဇာနာတိ။
 

(၄) နေ၀ိတ္ထိံ ပဏ္ဍိတော သေဝေ၊ ၀င်္ကံ ဟိ ဣတ္ထိယာ မနံ။
 

(၅) ပုည၀တာ ပဏ္ဍိတပုရိသေန ကတံ မနာပမေ၀ ဟောတိ။
 

(၆) ဟီနာ နရာ ယေ ပမာဒါဝသံ ဂတာ။
 

(၇) ယေဘုယျေန ဟိ သတ္တာနံ၊ ၀ိနာသေ ပစ္စုပဋ္ဌိတေ။ အနယော နယရူပေန၊ ဗုဒ္ဓိမာဂမ္မ တိဋ္ဌတိ။
 

(၈) ထီနံ ဘာဝေါ ဒုရာဇာနော။
 

(၉) ထီမိဿဿ ကုတော သီလံ။
 

(၁၀) ကမ္မံ သတ္တေ ၀ိဘဇတိ,ယဒိဒံ ဟီနပဏီတတာယ။
 

(၁၁) သမ္မာ အာရဒ္ဓံ သဗ္ဗာသံ သမ္ပတ္တီနံ မူလံ ဟောတိ။
 

(၁၂) သဗ္ဗသမ္ပတ္တီနံ ဟိ ပစ္စယော ၀ီရိယာရမ္ဘော။
 

(၁၃) ယောနိသောပဒဟနံ သဗ္ဗသမ္ပတ္တီနံ မူလံ။
 

(၁၄) မေတ္တာမုခေန ရာဂေါ ၀ဉ္စေတိ။
 

(၁၅) ၀ီမံသနာပဋိရူပကေန အဿဒ္ဓိယံ ၀ဉ္စေတိ။
 

(၁၆) ဓိရတ္ထု ၀တ ရေ အညာဏံ။
 

(၁၇) အာဂတော ဘာရော န ဘာယိတဗ္ဗော။
 

(၁၈) သုခကာမာ ဟိ ပါဏိနော။
 

(၁၉) ကမ္မ၀ိပါကော နာမ န သက္ကာ ကေနစိ ပဋိဗာဟိတုံ။
 

(၂၀) သီလ၀တော နာမ အနစ္ဆရိယာ မဂ္ဂဖလုပ္ပတ္တိ။
 

(၂၁) ဓမ္မော ဟိ ဣသီနံ ဓဇော။
 

(၂၂) ဟတံ ဓမ္မော ဟတော ဟနိ။
 

(၂၃) ပညာဗလေန ပတ္ထဒ္ဓေါ အတ္ထံ ၀ိန္ဒတိ ပဏ္ဍိတော။
 

(၂၄) ဂန္ထန္တရေန ဂန္ထန္တရံ မိနေတဗ္ဗံ။
 

(၂၅) ၀ိဇ္ဇာ ဂုရူနံ ဂုရု။
 

(၂၆) ဣတ္ထီ ဘဏ္ဍာန မုတ္တမော။
 

(၂၇) ဥဋ္ဌာတာ ၀ိန္ဒတေ ဓနံ။
 

(၂၈) သံဝါသေန သီလံ ဝေဒိတဗ္ဗံ။
 

(၂၉) ၀ိရောဓောတ္တိ သုခါ လောကေ၊သမဂ္ဂါ ဥတ္တိ ဒုက္ကရာ။
 

(၃၀) ဒါနံ သဗ္ဗတ္ထသာဓကံ။
 

(၃၁) ဒါနံ သိနေဟဘေသဇ္ဇံ။
 

(၃၂) န ဟိ ပရိယတ္တိဓရော ဒုက္ခတော န မုစ္စတိ။
 

(၃၃) ဘိက္ခု ပိဏ္ဍာယ စရမာနာ သြ၀ဒန္တိ နာမ။
 

(၃၄) ကုတော ဒုဿီလေ ပညာ၊အသမာဟိတတ္တာ တဿ။
 

(၃၅) သင်္ခါရာ န ဟိ သဿတာ။
 

(၃၆) သာမိကေန ၀ိရုဒ္ဓကရဏံ နာမ ဗျတ္တီနံ န ကမ္မံ။
 

(၃၇) ဣန္ဒြိယာနိ ရက္ခန္တိ ပဏ္ဍိတာ။
 

(၃၈) ဓန၀ါ ဗလ၀ါ လောကေ၊ဓနာ ဘ၀တိ ပဏ္ဍိတော။
 

(၃၉) ဂုယှဿ ဟိ ဂုယှမေ၀ သာဓု။
 

(၄၀) ဓနံ သဗ္ဗယောဇနံ။
 

(၄၁) ၀ုဒ္ဓဿ တရုဏီ ၀ိသံ။
 

(၄၂) မုသာဝါဒိနော နာမ အကတ္တဗ္ဗံ ပါပံ နာမ နတ္ထိ။
 

(၄၃) ဣမသ္မိံ လောကေ သစ္စသဒိသာ ပတိဋ္ဌာ နာမ နတ္ထိ။
 

(၄၄) သီလဥှိ ဘိက္ခုနော အာယု။
 

(၄၅) သန္တောသမူလံ ဟိ သုခံ။
 

(၄၆) ဒုရာရံဘတော အနာရမ္ဘောယေ၀ ၀ရံ။
 

(၄၇) သုခံ သုပန္တိ မုနယော၊ ယေ ဣတ္ထီသု န မဇ္ဈရေ။
 

(၄၈) ဘာယိတဗ္ဗံဝ ဧတဿ၊ရာဇဂုရူတိ လဉ္ဆိတံ။
 

(၄၉) အဘေတဗ္ဗမှိ ဘာယန္တိ၊ ဘာယိတဗ္ဗေ န ဘာယရေ။
 

(၅၀) အယံ လောကော နာမ အတ္တာနံဝ စိန္တေတိ။
 

(၅၁) ဣန္ဒကောပိ ဘူတော အာသိ၊ ၀ိစိတ္တာ လောကိယာ ဂတိ။
 

(၅၂) ယထာဘူတဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော။
 

(၅၃) ဘတကော ကာလက္ခယမေ၀ ဥဒိက္ခတိ၊နော ကမ္မနိဋ္ဌံ။
 

(၅၄) ၀ိဒွါ ဧ၀ ၀ိဇာနာတိ၊၀ိဒွဇ္ဇနပရိဿမံ။
 

(၅၅) ကမ္မာပရာဓပတ္တောပိ၊ ကရောတု ၀ီရိယံ သဒါ။
 

(၅၆) ဒဠှံ ပဂ္ဂယှ ၀ီရိယံ၊မာ နိဝတ္တ အဘိက္ကမ။

(၅၇) ဟိတွာ ဟိ သမ္မ၀ါယာမံ၊ ၀ိသေသံ နာမ မာဏဝေါ။ အဓိဂစ္ဆေ ပရိတ္တံပိ၊ ဌာနမေတံ န ၀ိဇ္ဇတိ။


မှတ်ချက်......ဤပါဠိနီတိများကို မြန်မာပြန်နှင့်တွဲ၍တင်ပြသင့်သည်ဟု ယူဆကောင်းယူဆကြပါလိမ့်မည်။
သို့သော်....ကိုနောစာမျက်နှာကို ဖတ်ရှုနေသူများမှာပညာတတ်ရဟန်းတော်များစုဖြစ်ခြင်း,လူပုဂ္ဂိုလ်များမှာ
လည်း ပါဠိစာပေတတ်ပွန်သော ထေရ၀ါဒမြန်မာရဟန်းတော်များကို ကိုးကွယ်နေကြခြင်းတို့ကြောင့်
ဘာသာပြန်လုပ်ငန်းကြီးအတွက် အချိန့်ငဲ့၍ မူရင်းအတိုင်းပင်ပို့လွှတ်လိုက်သည်။
အဓိပ္ပါယ်သိလိုသူသည် မြန်မာပြည်မှဖြစ်လျှင် ဆွမ်းခံကိုယ်တော်ကိုမေးမြန်းရန်,နိုင်းငံခြားရောက်နေသူဖြစ်
လျှင် မိမိတို့ဆီခဏခဏကြွလာတတ်သော(သာသနာပြုခရီးဟုဆိုလိုသော)ဘုန်းဘုန်းကိုမေးမြန်းကြပါရန်....
..(ဤစကားရှုပ်တည်း)
ကိုနော
၅.၅.၂၀၁၀